အသိပေးထုတ်ပြန်ခြင်း

  • Tue, 9 April 2019

နေပြည်တော် ဧပြီ ၉ ရက်


၁။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်း များအပေါ် အမြင်သဘောထားအမျိုးမျိုးဖြင့် ကောက်ယူလျက် လူမှုမီဒီယာအချို့တွင် ရေးသားထောက်ပြ ခြင်း၊ အကြံပြုခြင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာ  သိမြင်စေရန်အတွက် အသိပေးထုတ်ပြန်အပ်ပါသည်။

၂။       အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားသောအားဖြင့် စုံစမ်းစစ်ဆေးနေသည့်ကိစ္စများ၊ အရေးယူဆောင်ရွက်ခြင်းမရှိသည့် တိုင်ကြားစာများအပေါ် သတင်းထုတ်ပြန်လေ့မရှိသော်လည်း အများပြည်သူ သိသင့်သိထိုက်သည်များကို သိရှိစေရန်အလို့ငှာ အချို့ကိစ္စများကို စုံစမ်းစစ်ဆေးပြီးနောက် အကျိုးအကြောင်းနှင့်အညီ အကျဉ်းချုပ်၍ ရှင်းလင်းထုတ်ပြန်ရခြင်းများ ရှိပါသည်။   

၃။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအပေါ် စိစစ်ရာ တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်မှုမရှိသည့်ကိစ္စများကို အရေးယူဆောင်ရွက် ခြင်းမပြုရန်၊ တိုင်ကြားချက်သည် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ရန်၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသည်ဟု ယူဆသည့် တိုင်ကြား ချက်များကို ကြိုတင်စုံစမ်းထောက်လှမ်းရန်နှင့် အထောက်အထားခိုင်လုံမှုရှိသည်ဟု ယူဆသည့် တိုင်ကြားချက်များကို စုံစမ်းစစ်ဆေးရန်တို့ကို  ဥပဒေပြဌာန်းချက်နှင့်အညီ ကော်မရှင်အစည်းအဝေး၌ ဆုံးဖြတ်ပါသည်။

၄။      ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန်ဆုံးဖြတ်သည့် တိုင်ကြားချက်များအပေါ် စစ်ဆေးရေးအဖွဲ့က စုံစမ်းတင်ပြသည့်အခါ စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ခိုင်လုံသောအထောက်အထား မရှိပါက တရားစွဲဆိုခြင်း မပြုဘဲ  ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း အထောက်အထား ခိုင်လုံစွာတွေ့ရှိပါက ဘက်လိုက်ခြင်းမရှိဘဲ မည်သူ့ကိုမဆို တရားစွဲဆိုရန် ကော်မရှင်က ဆုံးဖြတ်ပါ သည်။ ကော်မရှင်သည် တရားစွဲအဖွဲ့အစည်းဖြစ်သည်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့် ငြိစွန်းကြောင်း အထောက်အထား ခိုင်လုံခြင်း ရှိ/မရှိကိုသာ ဆုံးဖြတ်ခြင်းပြုပြီး စွပ်စွဲခံရသူအား အပြစ်ရှိသည်ဟူ၍လည်းကောင်း၊ အပြစ်မရှိပါဟူ၍လည်းကောင်း တရားဝင်ထုတ်ဖော်ပြောကြားခွင့် မရှိပါ။ အပြစ်ရှိခြင်း မရှိခြင်းကို စစ်ဆေးစီရင်သည့် တရားရုံးကသာ ဆုံးဖြတ်ခြင်းဖြစ်ပါသည်။

၅။      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇.၈.၂၀၁၃ နေ့တွင် ပြဌာန်းခဲ့ပြီး ၁၇.၉.၂၀၁၃ နေ့တွင် အတည်ပြုခဲ့ပါသည်။ ယင်းဥပဒေတွင် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်းစသည့် လာဘ်ပေး လာဘ်ယူ ကိစ္စများအပေါ် အရေးယူရန် ပြဌာန်းထားခြင်းဖြစ်သဖြင့် ယင်းဥပဒေအတည်ဖြစ်သည့် ၁၇.၉.၂၀၁၃ နေ့ နောက်ပိုင်းကျူးလွန်သည့် တံစိုးလက်ဆောင်ယူသည့်ကိစ္စများကို အဆိုပါဥပဒေဖြင့် အရေးယူရပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ချက်အရ တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးခြင်းသည် အဂတိလိုက်စားမှု ဖြစ်သည့်အတွက် ယင်းပြင်ဆင်ချက်ဥပဒေပြဌာန်းပြီးသည့် ၂၁.၆.၂၀၁၈ နေ့ နောက်ပိုင်း  နိုင်ငံ့ဘဏ္ဍာဆုံးရှုံးနစ်နာသည့် ကိစ္စများကို အဂတိလိုက်စားမှုအဖြစ် သတ်မှတ်၍ အရေးယူပါသည်။  

၆။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးရည်မွန်အပေါ် ဉီးဌေးအောင်၏ စွပ်စွဲတိုင်ကြားချက်(၂)ချက်နှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ-

          (က)     ဉီးရည်မွန်သည် တင်သွင်းခွင့်လိုင်စင်မရှိသော မော်တော်ယာဉ်အား အသွင်သဏ္ဍာန် ပြောင်း၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားခဲ့ရာ ယင်းဌာနမှအခြားဌာနဆိုင်ရာ ယာဉ်(၁၆)စီးနှင့်အတူ ခွင့်ပြုခဲ့သဖြင့် ဒဏ်ကြေးငွေ ပေး ဆောင်၍ မှတ်ပုံတင်ပြီး ဌာနပိုင်မော်တော်ယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသော်လည်း ဉီးဌေးအောင်ထံမှ ငွေကျပ်သိန်း(၁၀၀)ရယူကြောင်း၊ ထိုငွေထဲမှ ငွေကျပ် သိန်း(၆၀)ဖြင့် အဆိုပါယာဉ်အား ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ခိုင်လုံသောအထောက် အထား ပြသနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရခြင်း၊

          (ခ)       ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ USD(၁)သိန်းလက်ခံရယူ၍ နေပြည်တော်ကမ္ဘောဇဘဏ်ခွဲ(၃)တွင် ဘဏ် စာရင်းဖွင့်လှစ်၍ သုံးစွဲကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ယင်းသို့ ဘဏ်စာရင်းဖွင့်လှစ်သည့် ငွေမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် ယာယီအပ်နှံသည့် ငွေဖြစ်ခြင်း၊ အပ်နှံငွေမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ပိုင် ငွေဖြစ်ခြင်း၊ အဆိုပါ အပ်နှံငွေကို ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စအတွက်သာ သုံးစွဲခဲ့ခြင်း၊ ယင်းကိစ္စ အတွက် အခွင့်အရေးတစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း၊

          (ဂ)      တိုင်ကြားစာတွင် မပါဝင်သော်လည်း စုံစမ်းစစ်ဆေးစဉ် ထပ်မံတိုင်ကြားမှုအရ စထရင်း ဟိုတယ်နှင့် သမ္မတဟိုတယ်တို့အား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ အင်လျားလိတ် ဟိုတယ်ဝန်းအတွင်း Convention Centre ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟောင်ကောင်အခြေစိုက် Strand Hotel International Limited တို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၅.၅.၁၉၉၀ ရက်စွဲပါ ခွင့်ပြုမိန့် ဖြင့် Myanmar Hotel International Limited ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး ပဋိညာဉ် စာချုပ် ချုပ်ဆို၍ ၎င်းပဋိညာဉ်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အထက်ပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 

၇။      အထက်ပါ စစ်ဆေးတွေ့ရှိချက်များအပေါ် ၂၃.၈.၂၀၁၈ ရက်နေ့တွင် ကျင်းပသော ကော်မရှင် အစည်းအဝေး၌ မူဝါဒနှင့်အညီ အလေးအနက်ထား စဉ်းစားဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အပြည့် အစုံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သုံးပုံနှစ်ပုံအထက် သာလွန်သောမဲဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းကြောင်း ခိုင်လုံသောအထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် အရေးယူမှုမပြုခဲ့ ခြင်းသာ ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်သည် တိုင်ကြားချက်နှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ တိုင်ကြားသူအား ကော်မရှင်အဖွဲ့ဝင်များမှ ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းဆွေးနွေးခဲ့ပြီးလည်း ဖြစ်ပါသည်။

၈။      ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ အဂတိလိုက်စားမှုများလျော့နည်းကျဆင်းစေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက် ရာတွင် လူတစ်ဉီးချင်း/ အဖွဲ့အစည်းအချင်းချင်း အကျိုးစီးပွားပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် လည်း ကော်မရှင်၏ ကျင့်ဝတ်စံနှုန်းများ နှင့်အညီ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်အား ပုဂ္ဂလိကဆိုင်ရာ ပြဿနာများနှင့် အကျိုးစီးပွားဆိုင်ရာကိစ္စများအတွက် ကြားခံအဖြစ် အသုံးချလိုခြင်းများအတွက် စိတ်မကောင်း ဖြစ်ရသော်လည်း  ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပြုမှုများကို ကြိုဆိုလက်ခံပါကြောင်းနှင့် ယခုကဲ့သို့ ရှင်းလင်းထုတ်ပြန် ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပညာပေးရေးလုပ်ငန်းအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသောကြောင့် သက်ဆိုင်သူများကို ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ဆက်စပ် သတင်းများ