အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း ၁၂ ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တရားစွဲအရေးယူ

  • Wed, 25 July 2018

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်မှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ မူဝါဒသတ်မှတ် ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှထုတ်ယူနိုင်ရန်အတွက် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်း ဖော်ထုတ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားစာ အရ ပထမအကြိမ်တင်သွင်းသော Delivery Van ၃ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် စစ်ဆေးရေးအရာ ရှိက ငွေကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း၊ ဒုတိယ အကြိမ်တင်သွင်းသော Delivery Van ၂ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် စစ်ဆေးရေးအရာရှိက ငွေကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီး အရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို လေလံပယ် ဖျက်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက် အကောက်ခွန်မှူးနှင့် ဒုလက်ထောက်အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဥ္ဇာ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုတိယလက် ထောက်အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင် ရွက်ခဲ့မှုမရှိဘဲ ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများက ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကွင်း ဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်း တို့မှာ လက်အောက်ဝန်ထမ်းများ၏ အဂတိလိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေး ကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြား ရေးမှူး ဦးဝင်းလှိုင်၊ ညွန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါ နယ်မြေရဲစခန်းတွင် ၁၆-၇-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။(သတင်းဖော်ပြပြီး)

အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၇)ဦးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ၅၆ အရလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၅)ဦးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၆/၆၃ အရလည်းကောင်း ရန်ကုန်တ်ိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၅-၇-၂၀၁၈ ရက်နေ့ ၌ တရားစွဲတင်ပို့ခဲ့ပါသည်။

ဆက်စပ် သတင်းများ