ရခိုင်ပြည်နယ်၊ ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ မြေတိုင်း-၄ ၊ စာရင်းကိုင်-၄၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး တို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Mon, 28 January 2019

နေပြည်တော် ဇန်နဝါရီလ( ၂၈ )ရက်

          

 ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စုနှင့် ဆပ်သွားကျေးရွာအုပ်စု တို့တွင်အုန်းဥယျာဉ်ခြံမြေများကို ရောင်းချရာ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ ငွေကြေး ရယူခဲ့ခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စုနှင့် ဆတ်သွား ကျေးရွာ အုပ်စုရှိ အုန်းခြံမြေများ ရောင်းချသည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်း၊ Special Power of Attorney များပြုလုပ်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး လုပ်ငန်းစဉ်များတွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်သည် မြေပွဲစားများထံမှ ငွေကျပ်(၃၅)သိန်းကို လည်းကောင်း၊ လ/ထဦးစီးမှူး ဦးမောင်မောင်လွင်သည် မြေပွဲစားများထံမှ အမှုတွဲ တည်ဆောက်ရန်အတွက် ငွေကျပ်(၅)သိန်း၊ မြေတိုင်းလုပ်ငန်းအတွက် ငွေကျပ်(၆၅)သိန်း နှင့် မြေတိုင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် GPS (၁)လုံးကို လည်းကောင်း၊ မြေပွဲစားများထံမှ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းသည် ငွေကျပ် ၃၀၀၀ဝိ/- ကို လည်းကောင်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်းသည် ငွေကျပ် (၈)သိန်းကိုလည်းကောင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်သည် ၃၉၉၀၀၀ဝိ/- (ကျပ်သုံးဆယ့်ကိုးသိန်းကိုးသောင်း တိတိ)ကို လည်းကောင်း၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်း စာရေး ဦးစန်းယုအောင်သည် မြေပွဲစားများထံမှ ငွေကျပ် ၁၅၆၀၀၀ဝိ/-(ကျပ်တစ်ဆယ့် ငါးသိန်းခြောက်သောင်းတိတိ)ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်နှင့် ဂွမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင် တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အချင်းဖြစ် ဥယျာဉ် ခြံမြေများ ရောင်းချခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြေပွဲစားများဖြစ်သည့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော်(ခ)သားကြီး တို့သည် တောင်သူများထံမှ ငွေကျပ် ၂၆၅.၀၆၈ သိန်းကို တောင်းခံရယူခဲ့ပြီး ဝန်ထမ်းများအား ငွေကြေးများ ပေးခဲ့ကြခြင်းသည် ဝန်ထမ်းများ အဂတိလိုက်စားမှု ဖြစ်စဉ်အပေါ် ပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်  ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီး အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရခိုင် ပြည်နယ်၊ ဂွမြို့မရဲစခန်းတွင် ၂၈-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ