၂၀၁၈ခုနှစ်အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနား အထိမ်းအမှတ် "အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့တာဝန်ယူမှုမြှင့်တင်ကြပါစို့" ဖိုရမ်ကျင်းပ

  • Thu, 6 December 2018

၂၀၁၈ခုနှစ်အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနား အထိမ်းအမှတ်  "အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့တာဝန်ယူမှုမြှင့်တင်ကြပါစို့" ဖိုရမ်ကျင်းပ


    မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှု ဆိုင်ရာရုံး (UNODC)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ပူးပေါင်း၍ ဒီဇင်ဘာလ (၉)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “အဂတိလိုက် စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့” ဖိုရမ်ကို ရန်ကုန်မြို့၊ Rose Garden Hotel တွင် ၆-၁၂-၂၀၁၈ ရက်နေ့ နံနက်(၉)နာရီ၌ ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

    ဖိုရမ်သို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ UNODC နှင့် UNDP တို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အသင်းအဖွဲ့များ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့ အစည်းများမှာ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ ဘွဲ့လွန်သင်တန်းသား၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ သတင်းမီဒီယာများ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

    အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသော အဂတိလိုက်စားမှုရောဂါဆိုးရဲ့ အခြေအနေက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ပျံ့နှံ့ဖြစ်ပေါ်နေတဲ့ အမျိုးအစား (Systemic Corruption)ဖြစ်တဲ့အတွက် အင်စတီကျူးရှင်းဆိုင်ရာ ယဉ်ကျေးမှု တစ်ရပ်လုံးဟာ အပြင်းအထန် နာမကျန်းဖြစ်နေရပါကြောင်း၊ အဂတိလိုက်စားမှုကို လူအများက မကြိုက်မနှစ်သက် စေကာမူ နားလည်လက်ခံပေးရမည့်စံနှုန်း ဖြစ်နေရကြောင်း၊ အဂတိကို ဘယ်သူကမျှ တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူးဟု ထင်မှတ်နေကြပြီး ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်ချက် ကင်းမဲ့သလို ဖြစ်နေကြရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တကယ်လုပ်လာပြီဆိုရင် ဘယ်နိုင်ငံမှာမဆို ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေကို မလွဲမသွေ ဖြတ်ကျော်ကြရမှာ ဖြစ်ကြောင်း၊ သန္နိဋ္ဌာန်စိတ်နဲ့ မိမိတို့ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအတိုင်း ပြတ်ပြတ်သားသား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လူထုရဲ့ မျှော်လင့်ချက် ပြောင်းလဲတိုးတက်လာတဲ့အခါမှာ “အဟုန်”ရအောင် ဖန်တီးကြရပါမယ်၊ အဟုန်ကို ဖန်တီးရာမှာ “တာဝန်ယူမှု မြှင့်တင်ရေး”ဟာ အဓိကကျကြောင်း၊ တာဝန်ယူမှုကို အစိုးရဌာန အဖွဲ့အစည်းများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသား အားလုံးက မြှင့်တင်ကြရမှာ ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကိုယ်ယူနိုင်ကြလျှင် ခေါင်းဆောင်တွေရဲ့ တာဝန်ယူမှုကို မြှင့်တင်နိုင်ရန် အဂတိလိုက်စားမှု ညီမျှခြင်းမှာ ဖော်ပြထားတဲ့ အတိုင်းအဂတိလိုက်စားမှုဟာ သေချာပေါက် ကျဆင်းသွားရမှာဖြစ်ပါကြောင်း၊ တာဝန်ယူမှုမြှင့်တင်ရေး လုပ်ငန်းမှာ လေးဆင့် ရှိကြောင်း၊ ပထမအဆင့် ကိုယ့်အလုပ်ဌာန၏ အဂတိကင်းသော စွမ်းဆောင်မှုကို အစဉ်အမြဲ စောင့်ကြည့်တိုင်းတာပြီး တိုးတက်လာရအောင် တာဝန်ယူရန်ဖြစ်ကြောင်း၊ ဒုတိယအဆင့် အများပြည်သူ လူထု၊ စီးပွားရေးလုပ်ငန်းများ၊ သတင်းမီဒီယာများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံမှ အသံများကို နားထောင်ရန်ဖြစ်ကြောင်း၊ တတိယအဆင့် ပြင်ပအေဂျင်စီများကို ဖိတ်ခေါ်ပြီး အကဲဖြတ်ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း၊ စတုတ္ထအဆင့် အဂတိလိုက်စားမှုသည် တွက်ချက်ပြီး ကျူးလွန်တဲ့ပြစ်မှု (Crime of Calculation) ဖြစ်၍ လက်ရှိအခြေအနေကို လုံးဝပြောင်းလဲသွားနိုင် အောင်အင်စတီကျူးရှင်း ခေါင်းဆောင်များကိုယ်တိုင်က ဦးစီးကိုင်တွယ်ခြင်းဖြစ်ကြောင်း၊ အလုပ်ဌာန များတွင် နောက်ထပ်ထပ်ဆင့် ဖြစ်ပေါ်နေသည့်အချက်မှာ အုပ်စုဖွဲ့ အဂတိလိုက်စားခြင်းအဖြစ်သို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ အုပ်စုဖွဲ့အဂတိလိုက်စားသူတွေကို ဟန်ချက်ပျက်သွားအောင် လုပ်နိုင်ဖို့လိုကြောင်း၊ ကော်မရှင်ချည်း သက်သက်နဲ့ လုပ်လို့မရပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ အစိုးရ ဌာနများအပါအဝင် အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ပညာရှင်များ၊ သတင်းမီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံးဟာ ကိုယ့်ကျင့်သိက္ခာဆိုင်ရာ သဘောတူညီမှု အစု အဖွဲ့(Integrity pact) အဖြစ် စုဖွဲ့ပြီး စုပေါင်းအားအဟုန်ဖြင့် တပြိုင်နက် တိုက်ဖျက်သွားဖို့ လိုအပ်ပါကြောင်း၊ ဒါဟာ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ပုဒ် United against Corruption နဲ့လည်း ညီညွတ်ပါတယ်၊ အဂတိတိုက်ဖျက်ရာတွင် လူပုဂ္ဂိုလ်ကို ဦးမတည်ဘဲ အဂတိလိုက်စားတဲ့ စနစ်ကိုသာ ဦးတည်တိုက်ခိုက်ရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုမှာ ဘယ်သူမျှ ကြားနေလို့မရပါကြောင်း၊ မျက်စိမှိတ်ထားလို့ မရကြောင်း၊ မျက်စိမှိတ်ထားတာဟာ အမှောင်သမားဘက်က ရပ်တည်နေတာဖြစ်ပါကြောင်း၊ မိမိတို့၏ မျက်စိကို ဖွင့်ပြီး စောင့်ကြည့်ခြင်းက မိမိတို့သည် တာဝန်ယူမှု ရှိကြောင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ဖိုရမ်သို့ တက်ရောက်လာကြသော ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းအသီးသီးက လွတ်လပ်စွာ ဝေဖန်ဆွေးနွေး ထောက်ပြခြင်း၊ ဖြည့်စွက် အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ပေးသွားကြပါရန် မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့သည်။

    ဖိုရမ်ပထမပိုင်းတွင်စီးပွားရေးပညာရှင်ဦးမြင့်က အဂတိလိုက်စားမှု အကြောင်းအကျိုးဆက် များနှင့်ကုထုံး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Stop Corruption ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးခင်မောင်ညို(ဘောဂဗေဒ)က The Role of Political Institution to Promote Accountability ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က “Towards Accountability Program” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ပါသည်။

    ဖိုရမ်ဒုတိယပိုင်းအဖြစ် မွန်းလွဲပိုင်းတွင် “အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ်ဒေါက်တာအောင်ထွန်းသက်ကဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်မှ ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာခိုင်မြဲ၊ The Voice ဂျာနယ်မှ အယ်ဒီတာ ဦးဇေယျသူ ၊ UMFCCI မှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မက်စ်မြန်မာမှ အမှုဆောင်အရာရှိချုပ် ဦးခရစ်ထွန်း၊ တရားမျှတမှုလက်လှမ်းမီရေးအဖွဲ့(A2JI)မှ ဒုတိယဥက္ကဋ္ဌ ဦးသွင်လင်းအောင်၊ မြန်မာနိုင်ငံပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ညှိနှိုင်းရေးမှူးဦးရဲလင်းမြင့်တို့က Panelist များအဖြစ် ပါဝင်ဆွေးနွေး ကြသည်။

ဆက်စပ် သတင်းများ