၁.၅.၂၀၁၈ ရက်နေ့ ကြေးမုံသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့် (ဥပဒေ) ၏ " ရှေ့နေနှင့်လူမှုကွန်ရက်" ဆောင်းပါး

  • Wed, 2 May 2018

နိဒါန်း

" ဆရာ "

" ဗျာ "

" ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ "

" ရှေ့နေနှင့်လူမှုကွန်ရက်ပါ"

" ဘာကိုဆိုလိုတာလဲ  ဆရာ "

"  ဖတ်ကြည့်ကြစို့  "

လူမှုကွန်ရက်ဆိုသည်မှာ

        Facebook ဟု နာမည်ကြီးသော လူမှုကွန်ရက်သည် အများကြိုက်နှစ်သက်သည်။သုံးစွဲသူ များသည်။ သတင်းစီးဆင်းမှု မြန်သည်။ ထိရောက်သည်။ ကောင်းကျိုးနှင့် ဆိုးကျိုးယှဉ်ကြည့်လျှင်  ကောင်းကျိုးများသည်။ ဆိုးကျိုးကတော့ ရှိစမြဲ။ အကောင်းနှင့် အဆိုးဒွန်တွဲနေသည်။ ကောင်းတာ  ဆိုကိစ္စမရှိ။ ဆိုးတာဖြစ်လျှင် အထိနာသည်။ ဆိုးကျိုးပေးသူတွေသတိပြုပါစေ။

ကောင်းကျိုး

        နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် အမျိုးမျိုးသော ဘာသာရပ်များရှိသည်။ ဘာသာရပ်အလိုက်သတင်းကောင်း၊အလုပ်ကောင်း၊နည်းစနစ်ကောင်း၊ ကမ္ဘာနှင့်ချီပြီးအကောင်းဆုံး   တွေ၊ ပညာတွေ၊ နည်းစနစ်တွေ ရရှိသည်။ ဖော်ထုတ်သည်။ အကျိုးပြုသည်။ ကမ္ဘာကြီးတစ်ခွင် ပြဲပြဲစင်အောင်တန်ဘိုးရှိသည်။ တန်ဘိုးမဖြတ်နိုင်။ လူငယ်တွေအတွက်ပို၍ အကျိုးရှိ။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယှဉ်ပြိုင်နိုင်သေးသည်။ နောက်ဆုံးပေါ်သိပ္ပံနှင့် နည်းပညာတွေ ရယူနိုင်ပေသည်။ ကောင်းလေစွ။ လူမှုကွန်ရက်၏ ကျေးဇူးအနန္တ ။

ဆိုးကျိုး

          ကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ဒွန်တွဲလျက် ပါလာသည်။ ဆိုးကျိုးက ကြောက်စရာ ကောင်းသည်။ ပြင်းထန်သည်။ အဖြေရှာမရ ဖြစ်တတ်သည်။ မဟုတ်မမှန် လုပ်ကြံပုတ်ခတ်မှုတွေ  လုပ်ကြသည်။  မယုံ ယုံအောင်ဖန်တီးသည်။ အတုပြုသည်။ လုပ်ကြံသည်။ စေတနာမမှန်။ ပြင်းထန်  သော လိမ်ဆင်များ ဆင်သည်။ ခံရသူကို ဒုက္ခရောက်အောင် တစ်ကယ်ဟုတ်သယောင်ယောင်၊ ယုန်ထင်ကြောင်ထင်ဖြစ် အောင် ကလော်သည်။ ဆော်သည်။ ခံရသူခမျာ မသက်သာ။ ဘယ်သူက ဘယ်သူ့ကိုကလော်နေသလဲ။ ဆဲနေသလဲ။ တစ်ခါတစ်ရံ ဝေခွဲမရဖြစ်တတ်သည်။ တရားခံရှာမတွေ့။ ကွေ့ပတ်ပြေးဆဲ။

နာမည်ဝှက်

          နာမည်ဝှက်တွေနှင့် ရေးကြသည်။  မိန်းမနာမည်နှင့်ရေးသည်။  သို့သော် မိန်းမ မဟုတ်။   ​ယောင်္ကျားအမည်နှင့်ရေးသည်။ ယောင်္ကျားအမှန်စင်စစ်မဟုတ်။ ကလေးနာမည်၊ ကလေး ဓါတ်ပုံဖြင့် အမည်ခံသည်။ တစ်ကယ်ကလေးမဟုတ်။ ဘုန်းကြီးနာမည်နှင့်ရေးသည်။ ဘုန်းကြီး မဟုတ်။ ပန်းကလေးရုပ်ပုံ၊ စာကလေးရုပ်ပုံ၊ ကာတွန်းရုပ်ပုံ၊ တစ်ခြားသူတစ်ဦး၏ဓါတ်ပုံ စသည် စသည်ဖြင့်ရေးကြသေးသည်။ နာမည်ရင်းနှင့်မရေး။ ကိုယ့်ဘယ်သူဆိုတာ မသိစေချင်သူ။           

မသိစေချင်မှ

        မသိစေချင်မှ သိသွားခြင်း၊ တရားခံပေါ်သွားခြင်း၊ ကြုံတတ်သည်။ ဘယ်လို ဝှက်ထားထား  ဘွားကနဲပေါ်သည်။ တရားခံပေါ်သည်။ ထိုအခါ လုပ်ကြံဇာတ်လမ်းက ပို၍ ထင်ရှားလာသည်။ ဘာကြောင့် ဤသို့ လုပ်ကြံရပါလိမ့်။ အဖြေကရှင်းပါသည်။

Account အတုများ

          Account အတုများ၊ Page အတုများ၊ ဆင်တူယိုးမှားများ ဖန်တီးတတ်ကြသည်။ ထမင်းမေ့  ဟင်းမေ့ လုပ်ကြံတတ်ကြသည်။ အကျိုးအမြတ်ယူပြီး အတုပြုလုပ်သူတွေရှိတတ်သည်။ အချင်းချင်း ခိုက်ရန်ပွားအောင် လုပ်ကြသည်။ သိက္ခာချကြသည်။ နစ်နာအောင် ပြုလုပ်သည်။ ခံရသူက တစ်ချက်  ချင်း ပြန်ရှင်းတာရှိသည်။ တစ်ချို့ကတော့ ပြန်မရှင်း။ ရှင်းကာမှ ပိုရှုပ်မည်လား။ ပရိသတ်ကတော့   အဖြေသိပြီးသား။

                          (၁)    အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း

          လူမှုကွန်ရက်မှာလုံခြုံမှုရှိဖို့လိုသည်။အများပြည်သူ၏လုံခြုံမှုကိုမထိခိုက်စေရ။ ထိခိုက်လျှင် သက်ဆိုင်ရာက အရေးယူမည်။

(၂)    မိမိကိုယ်မိမိ ထိခိုက်စေမှု

           မိမိကိုယ်ကို မိမိ မထိခိုက်စေရပါ။ ထိခိုက်စေမှုကို ရှောင်ပါ။ သေသေချာချာ ကိုင်တွယ်ပါ။ မှုခင်းနှင့် သက်ဆိုင်မှုများ၊ ရာဇ၀တ်မှုများကို ဖယ်ရှားရပါမည်။

(၃)    အနိုင်မကျင့်ရ၊ မနှောက်ယှက်ရ

         အနိုင်ကျင့်ခြင်း မလုပ်ရ။ မနှောက်ယှက်ရ။ သူတစ်ပါး၏ လွတ်လပ်ခွင့်ကို   ဘာကြောင့် အနိုင် ကျင့်မည်လဲ။ နှောက်ယှက်မည်လဲ။

(၄)    အမုန်းစကား မပြောရ

       လူမျိုးကို ထိခိုက်စေခြင်း၊ နိုင်ငံကို ထိခိုက်စေခြင်း၊ ဘာသာရေးကို ထိခိုက်စေ  ခြင်း၊ ဒေသကို ထိခိုက်စေခြင်း၊ ကျား၊ မ ခွဲခြားခြင်း၊ လိင်ကွဲပြားမှုကို အခွင့်အရေး ယူခြင်း၊ မသန်စွမ်းသူ ၊ နာတာရှည်ရောဂါဖြင့် ကျန်းမာရေးချိုတဲ့သူများအား အမုန်း စကားရွေးချယ်ပြုလုပ်ခြင်း၊ တစ်ဦးတစ်ယောက်၏ ဂုဏ်ကျက်သရေကို  ထိခိုက် စေခြင်း၊ မမှန်ကို အမှန်ဖြစ်သယောင်ယောင် လိမ်ဆင်ဖန်တီး၍ အမုန်းစကား ထုတ်လွှင့်ခြင်းများမှာ မလိုလားအပ်။ မရှိအပ်။ အများကလည်းလုံးဝလက်မခံ။

                         (၅)    ဓါတ်ပုံနှင့် ဗီဒီယို

        ဖတ်ရှုသူများအား မျှဝေလိုသောအကြောင်း အရာများကို ကြိုတင်အသိပေးဖို့  လိုသည်။ ဥပမာ( ဓါတ်ပုံနှင့်ဗီဒီယိုတွင် ပါဝင်သည့် အကြောင်းအရာ သဘောသဘာဝ ကို ကြိုတင် ပြောပြခြင်း )

                         (၆)    အဖော်အချွတ်များကို ကန့်သတ်ခြင်း

     လူမှုကွန်ရက်တွင် ညစ်ညမ်းသောအကြောင်းအရာ၊ အသက်မပြည့်သော ကလေး သူငယ်များနှင့် လိင်ကိစ္စဆက်နွယ်မှုများကို ထိန်းချုပ်ထားပါသည်။ အဖော်အချွတ် များကြောင့် အကျင့်စာရိတ္တပျက်ယွင်းမှု၊ ကူးစက်မှုများကို သတိပြုရ ပါမည်။

                          (၇)    ကိုယ်ရေးကိုယ်တာ အချက်အလက်များ လေးစားခြင်း

   သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မလိုအပ်ဘဲ မဝေငှ နှင့်။ မရေးနှင့်။ ဖော်ပြခြင်းဖြင့် အနှောင့်အယှက်ပေးရာရောက်သည်။ ဖော်ပြလျှင်လည်း ကာယကံရှင်၏ သဘောတူညီချက်မပါဘဲ မလုပ်ရ။ လူမှုရေးအသိစိတ်ဓါတ်  လိုအပ်သည်။

                         (၈)    မူပိုင်ခွင့်အသိ

       မူပိုင်ခွင့်ကို နားလည်ပါ။ အကြောင်းအရာတစ်ခုကို မဖြန့်ဝေမီ လုပ်နိုင်၊ မလုပ် နိုင်(ပထမ) စဉ်းစားပါ။ မျှဝေပိုင်ခွင့်ရှိရဲ့လား။ မိမိကိုယ်မိမိ သေချာပါစေ။ မရေရာ  ဇဝေဇဝါ မလုပ်သင့်။

                         (၉)    ထိန်းချုပ်ကုန်ပစ္စည်း

        ထိန်းချုပ်ကုန်ပစ္စည်း ကန့်သတ်ကုန်ပစ္စည်းများကို တရားဝင်ခွင့်မပြုဘဲ ရောင်းဝယ်ဖောက်ကားမှု မပြုသင့်။ လူမှုကွန်ရက်တွင် မဖော်ပြသင့်။

                         (၁၀)  အချက်အလက်များ ခိုးယူခြင်း

        သိမ်းဆည်းထားသော အချက်အလက်များကို မခိုးယူပါနှင့်။ စီးပွားရေးမလုပ်ပါနှင့်။ အရောင်းအဝယ်မလုပ်ပါနှင့်။ မကောင်းသောရည်ရွယ်ချက်ဖြင့် အဆက်အသွယ်  မလုပ်ပါနှင့်။

                          (၁၁)  လုံခြုံ​ရေး

        လူမှုကွန်ရက် (Facebook) အသုံးပြုသူအားလုံး၏ ကိုယ်ရေးဆိုင်ရာ အချက်အလက် လွတ်လပ်မှုနှင့် ကိုယ်ရေးဆိုင်ရာ လုံခြုံရေးအချက်အလက်များကို အထူးအလေးပေးပါသည်။ ကာကွယ်ပါသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြန်အလှန် လေးစားရပါမည်။

                         (၁၂)  တိုင်ကြားပါ

        ရိုင်းစိုင်းမှု၊ ယုတ်ညံ့မှုများကို လက်ပိုက်ကြည့်မနေသင့်။ တာဝန်ရှိသူကို တိုင်ကြားသင့်သည်။ ဤအချက်များကို သက်ဆိုင်ရာက စိစစ်ကြပ်မတ်လျက်ရှိပါသည်။

သတင်းမှား

        လူမှုကွန်ရက်မှာသာမက သတင်းမီဒီယာတွင်လည်း သတင်းမှားများ လုပ်ကြံထုတ်လွှင့်တတ်  ကြသည်။ နည်းမျိုးစုံသုံးကြသည်။ ယုန်ထင်ကြောင်ထင်ဖြစ်စေသည်။ ပုဂ္ဂိုလ်​တစ်ဦးတစ်ယောက် အဖွဲ့တစ်ဖွဲ့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးကြသည်။ အမှန်သတင်း ၁၀ ရာခိုင်နှုန်းနှင့် မမှန်သတင်း ၉၀ ရာခိုင်နှုန်းကို ရောသမမွှေကြသည်။ ပြီးတော့ သတင်းအတု၊ သတင်းအမှားကို အကွက်ကျကျ ဖန်ဆင်းသည်။ ရုတ်တရက် ဖတ်လိုက်လျှင် တကယ်အစစ်အမှန်ဟု ထင်သွားလောက်သည်။ သတိထားမှ တော်ကာကျမည်။ မြန်မာ့သတင်းကို အမှားဖန်ဆင်းပြီး ကမ္ဘာသို့ သတင်းမှားတွေထုတ်လွှင့် ခဲ့ ကြသေးသည်။ အဆိုပါ သတင်းအမှားများကြောင့် အတော်ဒုက္ခရောက်ခဲ့ကြပြီ။ အမှန်အမှား ခွဲခြား ဆင်ခြင်ပြီးမှ ယုံသင့်မှ ယုံဟု သတိထားကြရတော့သည်။ လူမှုကွန်ရက်ကြောင့် သတင်းမှားဖန်တီး  လုပ်ကြံသူတွေလည်း ရှိသဖြင့် သတိဖြင့် ဆင်ခြင်ရတော့သည်။ ခွဲခြမ်းစိတ်ဖြာ စိစစ်သုံးသပ်ကြရ တော့မည်။

အသရေဖျက်မှု

        ရာဇသတ်ကြီး ပုဒ်မ ၅၀၀(အသရေဖျက်မှု)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) စသော  ဥပဒေပြဋ္ဌာန်းချက်များကို အများသိပါသည်။ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်   တစ်ဦးဦးအား အသရေဖျက်ခြင်းအကြောင်းကိုလည်း ထပ်မံမရေးတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ်  လူမှုကွန်ရက်တွင် တစ်ဦးဦး၏ အသရေကို ဖျက်ခြင်း၊ ရေးခြင်းမှာ မလုပ်သင့် မလုပ်ထိုက်ပါ။ အမုန်းတရားများဖြန့်ဝေသော လူမှု ကွန်ရက်၏ ဆိုးကျိုးများကို အများကအလိုမရှိပါ။ အများအကျိုး ပြုမှု၊ ကောင်းကျိုးများကိုသာ အလိုရှိ ကြပါသည်။ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ပါသည်။

မြွေပွေး Friend

          ဆောင်းပါးရှင် နေဘုန်းလတ် ရေးသားသော " မြေပွေး Friend မ Add မိစေဖို့ " ဆောင်းပါး  တစ်ပုဒ်ကို သတင်းစာများတွင် ဖတ်ရှုမှတ်သားခဲ့ရပါသည်။

          ဆရာ နေဘုန်းလတ်က-

" များသောအားဖြင့် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားသော အကောင့် တော်တော်များများဟာ ဓါတ်ပုံအမှန် သုံးလေ့မရှိသလို နာမည်တွေကလည်း အမှန် မဟုတ်တာနဲ့ ပေါက်တတ်ကရနာမည်တွေများပါတယ် " ဟု ထောက်ပြရေးသားသည်။

" နောက်ပြီး Account တစ်ခုခုကို တိုက်ခိုက်ချင်ပြီဆိုရင် အကောင့် အသစ်ဖွင့်ပြီး   ဝိုင်း Add ကြလေ့ရှိပါတယ်။ အဲဒီလိုပဲ ဘာမှမရေးဘဲ  လိုက်ဆဲဖို့ ၊ မကောင်းတာလုပ်ဖို့၊ ဝါဒဖြန့်ဖို့အတွက် သက်သက်ဖွင့်ထားတဲ့ အကောင့်တွေ လည်းရှိပါတယ်။

        ဒါကြောင့်  အကောင့်ဖွင့်ထားတာ မကြာသေးတဲ့သူတွေ၊ ဘာပို့စ်မှမတင်တဲ့  သူတွေလာ Add ပြီဆိုရင် သတိထားပြီးမှ လက်ခံသင့်ပါတယ်။

     နောက်ထပ်ထပ်ပြီး စစ်ကြည့်သင့်တာကတော့ သူနဲ့ကိုယ်နဲ့ကြားမှာ နှစ်ယောက်လုံးနဲ့သိတဲ့မိတ်ဆွေ ( Mutual Friend )  ဘယ်နှစ်ယောက်ရှိသလဲဆိုတာ ပဲဖြစ်ပါတယ်"  ဟု အကြံပေးရေးသားထားသည်။

ပို့ဆောင်ဆက်သွယ်

        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနကလည်း Facebook ၏ လူမှုကွန်ရက်ဆိုင်ရာ စာမျက်နှာအတုများကို စိစစ် အရေးယူနေကြောင်း သိရှိရပါသည်။

လူမှုကွန်ရက် ( Facebook )

လူမှုကွန်ရက် ( Facebook ) ဟူသည် အများပြည်သူအကျိုးပြု   နည်းပညာတစ်ရပ်ပါ။ အမှားကို စေတနာနှင့်ထောက်ပြနိုင်ပါသည်။ စိတ်ဆိုးစရာမရှိပါ။ အမှန်ကိုလည်း အမှန်ဟု၀န်ခံစေ ချင်ပါသည်။ မလိမ်နှင့်မညာနှင့်။ ရိုးသားမှု၊ စေတနာထားမှုများကို တန်ဖိုးထားပါသည်။ သို့သော် မဟုတ်မမှန်လုပ်ကြံ၍ အမုန်းတရားဖန်တီးဖြန့်ဝေသူများကိုတော့မေတ္တာရပ်ခံလိုသည်။ မကောင်းတဲ့ အလုပ် မလုပ်ကြပါနှင့်။ လုပ်လျှင် ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာစမြဲဖြစ်ပါသည်။ တရားကို နတ်စောင့်ပါသည်။

 

နိဂုံး

ရှေ့နေတစ်ဦးအနေဖြင့် အမှုအခင်းများစွာ စစ်ဆေးဖူးပါသည်။ ထို့ကြောင့် အကြံပြုပါရစေ။ ဝါသနာအရရော၊ လုပ်ငန်းတာဝန်အရပါ လူမှုကွန်ရက်နည်းပညာကို ကောင်းစွာအသုံးချစေချင် ပါသည်။ ပြီးတော့ အသုံးလှစေချင်ပါသည်။

ဆက်စပ် သတင်းများ