- ၉.၃.၂၀၁၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့်(ဥပဒေ)၏ "အဂတိမှုနှင့်နိုင်ငံတကာ" ဆောင်းပါး

  • Fri, 16 March 2018

အဂတိဟူသည်

အဂတိအကြောင်း အရေးယူဆောင်ရွက်မှုများအကျဉ်းကို ပြီးခဲ့သော အပတ်က ရေးသားတင်ပြခဲ့ပြီးပါပြီ။ ယခုတစ်ပတ်တွင် အဂတိမှုများနှင့် နိုင်ငံတကာဆက်စပ်ပုံကို လေ့လာတွေ့ရှိရသမျှ တင်ပြအပ်ပါသည်။ နိုင်ငံတကာသင်ခန်းစာများ များစွာရှိပါမည်။ သို့သော် လက်လှမ်းမီသမျှသာ တင်ပြပါရစေ။

 

ကပ်ရောဂါ

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏နယ်ပယ်အတော်များများကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေသည့် အတွင်းမှ လှိုက်စားနေသော ကပ်ရောဂါတစ်ခုပင်ဖြစ်သည်။ ၎င်းသည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တို့ကို အခြေပျက်စေခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းများသို့ ဦးတည်စေခြင်း၊ ဈေးများ၏ ပုံမှန် အခြေအနေကိုအသွင်ပြောင်းစေခြင်း၊ ဘဝအရည်အသွေးများကို လုံးပါးပါးစေခြင်း၊ အုပ်စုဖွဲ့ ကျူးလွန်သော ပြစ်မှုများ၊ အကြမ်းဖက်မှုများနှင့် လူသားတို့၏ လုံခြုံမှုကို ထိခိုက်စေသော အခြားခြိမ်းခြောက်မှုများကို ရှင်သန်စေခြင်း စသည်တို့ကို ဖြစ်ပေါ်စေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏စကားချီးတွင် အထွေထွေအတွင်းရေးမှူးချုပ်က အမှာစာ ရေးသား ချီးမြှင့်ခဲ့ပေသည်။

သဘောတူစာချုပ်

၂၀ဝ၄၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်ခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သည် အခြေခံကျပေသည်။ ၂၀ဝ၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ပေါ်ထွန်း လာခြင်းဖြစ်ပေသည်။

အခန်း ၂

သဘောတူစာချုပ် အခန်း ၂ တွင် တားဆီးကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ ဖော်ပြထား သည်။ အဂတိလိုက်စားခြင်းကို တိုက်ဖျက်သည့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးမှုများခေါင်းစဉ်အောက်တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာမူများ၊ ပြည်သူ့ရေးရာနှင့် ပြည်သူ့ပစ္စည်း များကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု၊ သမာသမတ်ကျမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံနိုင်မှုတို့ကို ထင်ဟပ်မှု ရှိ၍ လူ့အဖွဲ့အစည်းက ပါဝင်ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးသည့် ထိရောက်မှုရှိပြီး ပြေပြစ်အောင် ဆောင် ရွက်ပေးသည့် အဂတိလိုက်စားမှုဆန့်ကျင်တိုက်ဖျက်ရေးမူဝါဒများကို တိုးတက်အောင်ပြုလုပ်၊ အကောင် အထည်ဖော်၊ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အများပြည်သူဆိုင်ရာ ကဏ္ဍ

အများပြည်သူဆိုင်ရာ ကဏ္ဍတွင် အများပြည်သူဆိုင်ရာ အရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာဥပဒေများ၊ အများပြည်သူဆိုင်ရာ ဝယ်ယူမှုနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု၊ အများပြည်သူသို့ အစီရင်ခံခြင်းများကို ဖော်ပြ ထားသည်။

တရားဥပဒေစိုးမိုးရေး

ပြစ်မှုအဖြစ် သတ်မှတ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းကို အခန်း ၃ တွင် ဖော်ပြသည်။ ပြည်သူ့ အရာရှိက အဂတိလိုက်စားခြင်း၊ နိုင်ငံခြား ပြည်သူ့အရာရှိနှင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းတို့၏ အဂတိလိုက်စားမှု၊ အများပြည်သူဆိုင်ရာ အရာရှိက ကျူးလွန်သော ငွေကြေးခိုးယူမှု၊ အလွဲသုံးစားမှုနှင့် ပစ္စည်းကို ပြောင်းလဲမှု၊ ဩဇာအာဏာ အလွဲသုံးခြင်း၊ လုပ်ငန်းတာဝန်ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင် သော ချမ်းသာကြွယ်ဝမှု၊ ပုဂ္ဂလိကကဏ္ဍတွင် လာဘ်ပေးလာဘ်ယူပြုခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိလာသော ငွေကြေးနှင့် ပစ္စည်းများကို ငွေဖြူအဖြစ် ပြောင်းလဲခြင်း၊ ဖုံးကွယ်ထားခြင်း၊ တရားစီရင်ရေးကို နှောင့်ယှက် ဟန့်တားခြင်း စသည်များ ပါဝင်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံ

ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) တွင် အမှတ်စဉ် ၁၃၇ အဖြစ် မြန်မာ နိုင်ငံက ၂.၁၂.၂၀ဝ၅ နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀.၁၂.၂၀၁၂ နေ့တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် အတည်ပြုခဲ့ပါသည်။

ကော်မတီ

လာဘ်ပေးလာဘ်ယူမှု၊ အရေးယူဆောင်ရွက်ရေး ကော်မတီအား ၈-၁-၂၀၁၃ နေ့တွင် ဒုတိယသမ္မတ (ဥက္ကဋ္ဌ) အဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင်ရှစ်ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ဥပဒေကြမ်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ အစည်း အဝေးက ၂၅-၇-၂၀၁၃ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၃ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၇-၉-၂၀၁၃ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပါသည်။

ကော်မရှင်

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် ၁၃ ဦး တို့ ဖြင့်  ၂၅-၂-၂၀၁၄ နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

အမည်ပြောင်းလဲခြင်း

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အား ၄-၈-၂၀၁၄ နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ဒုတိယအကြိမ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏အမိန့်အမှတ် ၃၀/၂၀၁၇ ဖြင့် ၂၃.၁၁.၂၀၁၇ နေ့တွင် ဥက္ကဋ္ဌဦးအောင်ကြည် ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးကို တာဝန်ပေးအပ်ခဲ့ပါသည်။

ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ

မြန်မာနိုင်ငံသည် UNCAC အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ UNCAC အကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်များကို စက်ဝန်းများ  သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် ဒေသတွင်းနိုင်ငံများအကြောင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများ (MoU)) လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်ခံတွေ့ ဆုံခြင်း၊ နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပွင့်လင်းမြင်သာမှုအဖွဲ့

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့သည် အဂတိလိုက်စားခြင်းအပေါ် ရှုမြင်သုံးသပ်သည့် အညွှန်းကိန်း (CPI) ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ အများပြည်သူဆိုင်ရာကဏ္ဍတွင် ရှုမြင်သုံးသပ်ချက်များကို တိုင်းတာခဲ့ ပါသည်။ ၁၉၉၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

အဖွဲ့အစည်းများ

CPI  အတွက် ကိုးကားသည့် အချက်အလက်များမှာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ ကမ္ဘာ့စီးပွားရေး စောင့်ကြည့်လေ့လာသော ပညာရှင် အဖွဲ့များနှင့် ကမ္ဘာ့နိုင်ငံများ၊ နယ်မြေဒေသများ၏ လူမှုစီးပွား၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်လေ့လာသော အဖွဲ့များ၏ လေ့လာတွေ့ရှိချက်များအပေါ် ထုတ်ပြန်ထားသည့် အနီးဆုံးနှစ်၏ အချက်အလက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။

အခြေခံအချက်များ

•          လူမှုဘဝတည်ငြိမ်မှု

•          လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒ အသွင်ကူးပြောင်းမှုများ

•         သယံဇာတအရင်းအမြစ်၊ ပစ္စည်း၊ ငွေကြေး (ဘဏ္ဍာ) များကို အသုံးချမှု

•         ပြည်သူ့ဝန်ထမ်းများ၏ အများပြည်သူဆိုင်ရာ လုပ်ငန်း၊ ဘဏ္ဍာငွေကြေး၊ ပစ္စည်းများအပေါ် ပြုမူဆောင်ရွက်မှုများ

•          တာဝန်ယူမှု

•          ပွင့်လင်းမြင်သာမှု

•          တရားဥပဒေစိုးမိုးမှု

•         အခွင့်အာဏာရှိသူများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြုမူဆောင်ရွက်ချက် များမှာ အခြေခံမေးမြန်းလေ့လာချက်များ ဖြစ်ပါသည်။

သုံးသပ်ချက်

•          အဂတိမှုနှင့် နိုင်ငံတကာ မည်သို့ဆက်စပ် ပတ်သက်ပါသလဲ။

•          မြန်မာနိုင်ငံက မည်သို့ UNCAC  နှင့် ဆက်နွှယ်ပါဝင်သလဲ။

•          အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် မည်သို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ပါသလဲ။

•          ပြည်သူလူထုနှင့် မည်သို့ အကူအညီယူ ပါဝင်မည်ဖြစ်ပါသလဲ။ စသည့်အချက်များ သုံးသပ်နိုင်ပါပြီ။

စေတနာ

•          ကမ္ဘာ့အလယ်တွင် မြန်မာ့နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ဒြပ်မြင့်မားစေပါမည်။

•         အဂတိမှုနှင့် နိုင်ငံတကာ သင်ခန်းစာများအကြောင်း တွေးမိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။