၅.၂.၂၀၁၈ ရက်နေ့ ကြေးမုံသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့်(ဥပဒေ)၏ "ရှေ့နေနှင့်ပြန်ကြားရေး" ဆောင်းပါး

  • Mon, 5 February 2018

နိဒါန်း

"ဆရာ"

"ဗျာ"

"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ"

"ရှေ့နေနှင့်ပြန်ကြားရေးပါ"

"ကျွန်တော်သိပ်မရှင်းဘူးဆရာ"

"ရှင်းသွားအောင်ဖတ်ကြည့်ကြစို့"

လုပ်ငန်းကော်မတီ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လုပ်ငန်းကော်မတီများကို အောက်ပါ အတိုင်းဖွဲ့စည်းသည်။

နည်းဥပဒေ ၃၃ (ခ)

(၁) မူဝါဒရေးရာလုပ်ငန်းကော်မတီ

(၂) နိုင်ငံတကာဆက်ဆံရေး၊ လေ့ကျင့်ရေးနှင့်သုတေသနလုပ်ငန်းကော်မတီ

(၃) ဥပဒေရေးရာလုပ်ငန်းကော်မတီ

(၄) တိုင်ကြားစာစိစစ်သုံးသပ်ရေးလုပ်ငန်းကော်မတီ

(၅) ဝန်ထမ်းရေးရာ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီ

(၆) ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းကော်မတီအသီးသီးသည် ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်နေကြပါသည်။

ပြန်ကြားရေးလုပ်ငန်းကော်မတီ၏တာဝန်များ

အဂတိလိုက်စားမှုသည် ပြည်သူတစ်ရပ်လုံး၏ ဘုံရန်သူဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်။ ဤတာဝန်ကို ပြန်ကြားမည်။ သန့်ရှင်းသောအစိုးရဖြစ်ရမည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းရမည်။ ထိုအခါ အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးတာဝန်ယူသူများက အရေးကြီး သောကဏ္ဍမှ ပါဝင်လာပြီ။ စံပြဖြစ်အောင်ပြည်သူကို ခေါင်းဆောင်ကြရမည်။ ဂုဏ်သိက္ခာ ရှိကြရမည်။ တာဝန်ယူနိုင်ရမည်။ အဂတိကင်းစင်ကြောင်း လက်တွေ့ပြသနိုင်ရမည်။ နိုင်ငံတော်ပိုင်ပစ္စည်းများ မပြုန်းတီးရေး၊ အလေအလွင့်မဖြစ်ရေး၊ အလွဲသုံးစားမပြုရေး နှိုးဆော်ရမည်။ သတိပေးရမည်။ လူ့အဖွဲ့အစည်း တိုးတက်မြင့်မားစေရမည်။ နိုင်ငံသား အခွင့်အရေး မထိခိုက်စေရ။ အကာအကွယ်ပြုသည်။ ပညာပေးလုပ်ငန်းများ တိုးပွားအောင် ပြန်ကြားပေးရမည်။သတင်းထုတ်ပြန်ရမည်။

အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ အကြောင်း စသည့်ဥပဒေ၏ ရည်ရွယ်ချက်များကို ပြည်သူသိအောင် ကြံဆောင်နေရမည်။ သတင်းထုတ်ပြန်နေရမည်။ တတ်စွမ်းသမျှ ထောက်ကူကြရမည်ဟု ခံယူအပ်သည်။ လုပ်ငန်းကော်မတီ အသီးသီးကလည်း ကော်မတီအလိုက် တာဝန်ကျေစွာကျင့်သုံး ဆောင်ရွက်ကြမည်ဖြစ် ပေသည်။

ပြန်ကြားရေး၏ အဓိပ္ပာယ်

'' ပြန်ကြား'' ဟူသောအဓိပ္ပာယ်မှာ-

- တစ်ဖန်တုံ့၍ သိစေသည်။

- ထုတ်ဖော်သိစေသည်။

- တရားဓမ္မတွင် '' ဤတရားကို ပြန်ကြားဆိုက်ဆိုက်မိန့်ပါလိုက်ဟု'' သုံးနှုန်းသည်ဟု (မြန်မာအဘိဓာန်၊အတွဲ-၃၊ ပ-ယ၊ စာ-၆၅)တွင် ဖော်ပြသည်။ ဤဖော်ပြချက်နှင့်အညီ ပြန်ကြားရေး၏ အဓိပ္ပာယ်ကို သတ်မှတ်၊ သိရှိ၊ နားလည်စေသည်။

ကုလသမဂ္ဂကွန်ဗင်းရှင်း

ကုလသမဂ္ဂကွန်ဗင်းရှင်း၏ အပိုဒ် ၅ နှင့် ၆ တို့အရစာချုပ်ဝင်နိုင်ငံများသည် မိမိတို့၏ ဥပဒေစနစ်အခြေခံမူများနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ အဆိုပါ မူဝါဒများသည် ပြည်သူလူထုပူးပေါင်းပါဝင်နိုင်မှု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများ ပါဝင်မှု၊ အစိုးရလုပ်ငန်းများနှင့်ပြည်သူပိုင်ပစ္စည်းများကို ကောင်းစွာစီမံအုပ်ချုပ်နိုင်မှု၊ ပွင့်လင်း မြင်သာမှု၊ အကျင့်စာရိတ္တမြှင့်တင်နိုင်မှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုများတိုးတက်ဖြစ်ထွန်းရေး အတွက်ရည်ရွယ်သည်ဟု-

( KAULA LUMPUR STATEMENT ON ANTI-CORRUPTION STRATEGIES 21-22 October 2013 )

(ကွာလာလမ်ပူကြေညာချက်- ၂၀၁၃၊ အောက်တိုဘာလ ၂၁၊ ၂၂)တွင် ဖော်ပြသည်။

အသိတရားနိုးထစေခြင်း

အသိတရားနိုးထစေခြင်းသည် ပဓာနကျပါသည်။ စာပေကပေးခြင်း၊ ဟောပြောမှုက ပေးခြင်း၊ ဆွေးနွေးမှုကပေးခြင်း စသည် ရှိနိုင်ပါသည်။ နည်းလမ်းအစုံရှိပေသည်။

ကျောင်းသားလူငယ်များ

အနာဂတ်ကိုပိုင်စိုးသော ကျောင်းသားလူငယ်များ၏စာသင်ခန်းဘဝသည် ချိုမြိန်ဖွယ် ကာလဖြစ်ပါ၏။ အပြစ်ကင်းစင်သည့်ဘဝလည်း ဖြစ်ပါသည်။ ထိုအချိန်တွင်ကျောင်းသား လူငယ် အပေါင်းအား " အဂတိတရား၏အပြစ် "ကို ခြေခြေမြစ်မြစ် သင်ကြားပေးထိုက် ပါသည်။

ရပ်ရေးရွာရေး

ကျေးလက်တောရွာနေ ပြည်သူများ၏ တင်ပြရန်၊ဆွေးနွေးရန် အကြောင်းအရာ များသည် များစွာရှိနိုင်ပါသည်။ အစည်းအဝေးခန်းမထဲမှာ ဆွေးနွေးသည့် လှေနံဓားထစ်ပုံစံ မျိုးတော့ သူတို့မှာဆန္ဒမရှိနိုင်။ ပွင့်လင်းခြင်း၊ရိုးသားခြင်း၊ ခံစားရခြင်း၊ အစိုးရုံးဌာနများသို့ မသွား လိုခြင်း၊ တရားရုံးများကို စိုးရွံ့ကြောက်လန့်ခြင်းများ ရှိနိုင်ပါသည်။ ရှိနေကြပါသည်။ အဂတိလိုက်စားမှုတွေ အမျိုးမျိုးကြုံရပုံ၊ ရင်ခုန်လှုပ်ရှားမှုတွေ အဖုံဖုံ -----။

အများပြည်သူများ သိရှိနိုင်ပါရန်

ထို့ကြောင့် ''အဂတိလိုက်စားမှုဆိုင်ရာ သတင်းများကို အများပြည်သူများသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း''ဟုနည်းဥပဒေ ၅၉ (ဃ)က ဖော်ပြပါ တာဝန်ပေးအပ်ခြင်းပါ။ ''အဂတိ တိုက်ဖျက်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းဘာဆိုင်လို့လဲ''ဟု မေးခွန်းထုတ်သူများ အတွက် အဖြေဖြစ်ပါသည်။

ရုံးလိပ်စာဘယ်မှာလဲ

'' အဂတိမှုခင်းအတွက် ကျွန်တော် တိုင်ချင်ပါသည်။အဂတိတိုက်ဖျက်ရေး ကော်မရှင်ရုံးက ဘယ်မှာရှိပါသလဲ။ရုံးလိပ်စာက ဘယ်လိုလဲ။ တယ်လီဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ဝက်ဘ်ဆိုက်တွေမသိလို့ ဘယ်လိုတိုင်စာပို့ရမှာလဲ။ ဘယ်လိုရေးရမှာလဲစသည် စသည်-----မေးကြသည်။ တိုင်စာရေးပုံရေးနည်းကိုတော့ သင်ပေးရန် မသင့်ပါ။ သတ်မှတ် နည်းလမ်း များနှင့်အညီ တိုင်ကြားနိုင်ကြောင်းသာ ပြောပါရစေ။ ရုံးလိပ်စာကတော့ သတင်းစာမှာ ခဏခဏဖော်ပြပေးသည်။ ရုုပ်မြင်သံကြားမှာ မကြာခဏ ကြေညာသည်။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ထပ်တလဲလဲ ပြောပြနေပါသည်။ တယ်လီဖုန်းနှင့် မေးသူတွေက ဒုနှင့်ဒေး။မေးခွန်းတွေများလွန်း၍ ဖြေရသူတွေက မပြည့်စုံမှာ စိုးရိမ်သည်။ ဤရုံး ပြန်ကြားရေးအနေနှင့် စိတ်ရှည်စွာဖြေကြားနေလျက်ပါ။ ဥပဒေမူဘောင်ထက် ကျော်ပြီး ဖြေကြား၍တော့ မဖြစ်နိုင်ပါ။

ရုံးခွဲများ ဖွင့်ပေးပါတဲ့ 

အချို့ကပြောသည်။ နေပြည်တော်မှာ သာမကပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေမှာပါရုံးခွဲများဖွင့်ပေးပါတဲ့။အလွန်ကောင်းသောအကြံ ဉာဏ်ပါ။ သို့သော်ဥပဒေက ခွင့်မပြုသေး၍ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးခွဲများ မဖွင့်နိုင်သေးခြင်းပါ။ နောင်ဖြစ်လာမည်ဟု မျှော်လင့်သည်။

တယ်လီဖုန်းနှင့် တိုင်ကြားခြင်း

အချို့ကလည်း တယ်လီဖုန်းနှင့် တိုင်ကြသည်။တိုင်စာမရေးချင်ဘူးတဲ့။ အမည်မဖော် လိုဘူးတဲ့။ ယခုတယ်လီဖုန်းနှင့် တိုင်တာကိုပင် တရားဝင်တိုင်ချက်ဟုမှတ်ယူပါတဲ့။ အဂတိလိုက်စားနေသူ ဘယ်သူဘယ်ဝါဖြစ်ပါသည်---တဲ့။ ဤတင်ပြချက်ကို လတ်တလော မဖြစ်နိုင်သေးသော်လည်း လိုအပ်သလိုစဉ်းစားရတော့မည်။ သတင်းပြန်ကြားပေးခြင်း ဖြစ်ပါ သည်။ ဘာလုပ်ကြမည်လဲ။

Facebook

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကWebsite နှင့် Facebook ဖွင့်ပေးထား ပါသည်။ အများပြည်သူ သိစရာ၊ လေ့လာစရာတွေ စုံစုံလင်လင်ကို Website တွင် ဖော်ပြပေးနေပါသည်။ Facebook တွင်လည်း အများပြည်သူ၏ အကြံပြုချက်များ၊ ဝေဖန်ချက်များ ဖော်ပြနေပါသည်။ လွတ်လွတ်လပ်လပ်ပါ။ ပွင့်လင်း မြင်သာရှိပါသည်။

Facebook တွင် မှန်မှန်ကန်ကန် အပြစ်တင်ခြင်းကိုလေးစားစွာကြိုဆိုပါသည်။ အပြုသဘော ပါပါသည်။ပုဂ္ဂိုလ်ရေး ဝေဖန်ထိုးနှက်ခြင်းမျိုးလည်းပါပါသည်။ ဆဲစာဟု ပြောနိုင်ပါသည်။ လူ့သဘာဝ ဖြစ်ပါသည်။ ဘယ်လိုမှ အကောင်းမမြင်နိုင်သူလည်း ရှိပါမည်။ ကြာတော့လည်း နားလည်သဘောပေါက်ပြီး အကြံ ဉာဏ်ကောင်းတွေ ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ အကြံ ဉာဏ်များ၊ ဝေဖန်ချက်များ၊ သုံးသပ်ချက် များကိုလေးစားစွာ ကြိုဆိုမှတ်သားပါရစေ။ လိုက်နာကျင့်သုံးပါရစေ။ လွတ်လပ်သော အတွေး၊ လွတ်လပ်သော အကြံ ဉာဏ်တွေကို ပေးချင်တိုင်းပေးနိုင်ကြပါသည်။ ဆွေးနွေး နိုင်ကြပါသည်။ အမြင်ချင်းဖလှယ်နိုင်ကြပါသည်။

ခက်ခက်ခဲခဲ

ခက်ခက်ခဲခဲကိစ္စရပ်မျိုးလည်း ရှိမှာပါ။ မဖြစ်နိုင်တာတွေ၊ လုပ်၍မရတာတွေ၊ ဥပဒေ မူဘောင် ကို ကျော်၍မရတာတွေ၊ လက်တွေ့နှင့် မအပ်စပ်တာတွေ ကြုံနိုင်ပါသည်။ တွေ့နိုင်ပါသည်။ တစ်ချိန်ချိန်တွင် အောင်ပွဲခံနိုင်မည်ဟု မျှော်လင့်ရပါသည်။

စေတနာအခြေခံ

အဂတိတိုက်ဖျက်ရေးစေတနာ အခြေခံသာမှန်ပါစေ၊ ပူးပေါင်းညီညွတ်ကြပါစေ။ လက်တွဲနိုင်ကြပါစေ။ ဤအခြေအနေမျိုးတွင် လူထုပါဝင်သော၊ လူထုမျှော်မှန်းသော လုပ်ငန်းကြီး တိုးတက်အောင်မြင်နိုင်မည်ဟု ယုံကြည်မိပါသည်။ အခက်အခဲကုစားရန် နည်းလမ်းများ၊ အကြံ ဉာဏ်များ၊ အလုပ်များပေါ်ထွန်းအောင်မြင်ကြပါစေ။

ချို့ယွင်းအားနည်းချက်များ

ချို့ယွင်းအားနည်းချက်များကား အမြဲရှိလျက်ပါ။ ဘာကြောင့်လဲဟု အဖြေရှာကြရ  မှာပါ။ အဖြေမပေးဘဲ အနေဝေးသွားလျှင် ပို၍ဆိုးမည်လား။ စဉ်းစားဖွယ်ပါ။

နိဂုံး

(၁) အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင်ပြန်ကြားရေးသည် အရေးကြီးပါသည်။

(၂) အမြဲမပြတ် သုံးသပ်အကဲဖြတ်ပေးကြပါမည့်အကြောင်း တင်ပြအပ်ပါသည်။

ဆက်စပ် သတင်းများ