၅-၂-၂၀၁၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ပါဝင်သော ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏''ကျွန်တော်နဲ့ အဂတိလိုက်စားမှု'' ဆောင်းပါး

  • Mon, 5 February 2018

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် 

အရင်တစ်ပတ်က ကျွန်တော်ဆွေးနွေးပွဲတစ်ခုမှာ စာတမ်းတစ်စောင် ဖတ်ခွင့်ရခဲ့ပါတယ်။ စာတမ်းဖတ်ပေးဖို့ အကူအညီ တောင်းသူကတော့ ရဲချုပ် (ငြိမ်း) ဦးဇော်ဝင်း၊ သူနဲ့ကျွန်တော်က ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောကော်မရှင်မှာ တာဝန်ယူတုန်းက ခင်မင်ရင်းနှီးခဲ့တာ။ အခုတော့ သူက အသစ်ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ တာဝန်ယူနေတာ။ ကျွန်တော့်ကို စာတမ်းဖတ်ဖို့ ပြောလာတာမို့ လိုလိုချင်ချင် လက်ခံလိုက်ပါတယ်။ ဒီကော်မရှင်ကို အစိုးရသစ်က မကြာမီကာလမှာ ဖွဲ့စည်းခဲ့တာ။ ဥက္ကဋ္ဌလုပ်သူက ဦးအောင်ကြည်။ 

သူနဲ့ကျွန်တော် စောစောက မောင်တောကော်မရှင်မှာ အတူတူအလုပ်လုပ်ခဲ့ကြသလို ငြိမ်းချမ်းရေးကော်မရှင်မှာလည်း အတူတူ တာဝန်ယူခဲ့ကြတာ။ ဦးအောင်ကြည်ရဲ့ ကျေးဇူးနဲ့ ကျွန်တော်က မြန်မာ့အလင်း သတင်းစာမှာ အခုလို ဆောင်းပါးတွေရေးဖြစ်တာ။ ပြန်ကြားရေးဝန်ကြီးတာဝန်ယူစဉ် ဦးအောင်ကြည်က မြန်မာ့ အလင်းသတင်းစာမှာ ဆောင်းပါးရေးဖို့ အားပေးတိုက်တွန်းခဲ့တာ ဖြစ်တယ်။ သူ့ကြောင့်ကျွန်တော် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)မှာ တာဝန်ယူခဲ့ရပြန်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သူ့လိုပုဂ္ဂိုလ်တစ်ဦး တာဝန်ယူ နေတာဟာ အင်မတန်မှ သင့်မြတ်လှပါတယ်။ အကျင့်သီလ ပြည့်စုံလှသူတစ်ဦးက ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ အောင်မြင်ဖို့ သေချာလှပါတယ်။ 

အဂတိလိုက်စားမှုကို ကျွန်တော်က စိတ်ဝင်စားတယ်။ လေ့လာတယ်၊ ''အခွင့်အရေးရတိုင်းလည်း ဒီခေါင်းစဉ်နဲ့ ဟောပြောတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ညွှန်းကိန်းကို မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ တိုက်တွန်းခဲ့တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (Transparency International) ဟာ နှစ်စဉ်နိုင်ငံတွေ အားလုံးရဲ့ အဂတိလိုက်စားမှုညွှန်းကိန်းကို အစီရင်ခံစာတစ်ခုနဲ့ ထုတ်ဝေပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၆ မှာ ရှိပါတယ်။ နိုင်ငံပေါင်းက ၁၇၆ နိုင်ငံရှိတာမို့ အခြေအနေက သိပ်မဆိုးလှ ဘူးလို့ သုံးသပ်နိုင်တယ်။ ကောင်းလှတာမဟုတ်ပေမယ့် ကိုယ့်နိုင်ငံထက်ဆိုးတဲ့ နိုင်ငံ ၄ဝ ရှိသေးတာမို့ တော်သေးတယ်လို့ ပြောနိုင်တယ်။ ညွှန်းကိန်းတန်ဖိုးကတော့ ၂၈၊ အဂတိလိုက်စားမှု လုံးဝကင်းရှင်းရင် ညွှန်းကိန်းတန်ဖိုးက ၁ဝဝ ဖြစ်တယ်။ ဒါကြောင့် ခြုံကြည့်ရင်တော့ အခြေအနေက မကောင်းလှဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးငါးနှစ်က ညွှန်းကိန်းတန်ဖိုးက ၁၂ သာ ရှိတာမို့ တိုးတက်လာတယ်လို့ ပြောနိုင်မှာ ဖြစ်တယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် တချို့က အနည်းအများကို အာရုံထားကြတယ်။ ပမာဏပေါ်မူတည်ပြီး ခွင့်လွှတ်ဖို့ ပြောကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ နည်းတာ၊ များတာနဲ့ မဆိုင်ဘဲ လုံးဝ ပပျောက်နိုင်အောင် ကြိုးစားရမယ်။ နည်းတာကို ခွင့်လွှတ်ပြီး များမှအရေးယူတာမျိုး မဖြစ်သင့်ဘူး။ ဒါကြောင့် ကျွန်တော်က (Zero tolerance) လုံးဝ လက်မခံတဲ့မူကို နှစ်သက်တယ်။ ခက်နေတာက အခုချိန်မှာ နည်းနည်းယူတာကို အရေးယူပြီး များများယူတာကြတော့ မျက်စိမှိတ်နေကြတယ်။ လွယ်လွယ် အဂတိလိုက်စားမှုဟာ တကယ်တော့ ဖုံးကွယ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝင်ငွေ ထွက်ငွေကို ကြည့်လိုက်ရုံနဲ့ သူ့ရဲ့ကြွယ်ဝမှုဟာ ရိုးသားမှု ရှိမရှိတန်းသိနိုင်တယ်။ ဒါကြောင့်လည်း နိုင်ငံအတော်များများမှာ တာဝန်ရှိတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာရတယ်။ အမှန်တော့ ဒါကို လူတိုင်းပြုလုပ်သင့်ပါတယ်။ မဟုတ်တာ မလုပ်ရင် ကြေညာရဲရမှာ။ အခုတော့ ကြေညာရတာခက်နေ သလိုပဲ ပိုင်ဆိုင်မှုတွေကိုကြည့်ရင် လုံးဝယုတ္တိမရှိတော့ဘူး။ တစ်သက် မဟုတ်ဘဲ ဆယ်သက် ရှာရင်တောင်မရနိုင်တဲ့ ချမ်းသာ မှုမျိုးဟာ ရိုးရိုးသားသား ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် အနှစ်သက်ဆုံး ဥပမာက အိန္ဒိယနိုင်ငံက ဒုတိယသမ္မတတစ်ဦး ရာထူးရပြီး အိမ်တော်ကို ရောက်လာချိန်မှာ အိတ်တစ်အိတ်သာ ယူလာပြီး လေးနှစ်ပြီး ရာထူးကနားတဲ့အချိန်မှာ အိတ်တစ်အိတ်နဲ့ ပြန်သွားတယ်တဲ့။ လေးစားစရာပါပဲ။ အခုတော့ မိဘမျိုးရိုးက သာမန်ဖြစ်ပေမယ့် ရာထူးတွေ၊ အာဏာတွေလည်းရရော နေ့ချင်း ညချင်း ချမ်းသာသွားကြတာ။ ဒီလိုဖြစ်တာလည်း ယဉ်ကျေးမှု တစ်ရပ်ကြောင့်လား မသိဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကန်တော့တဲ့ နေရာမှာ လက်ဆောင်ပေးတဲ့ အကျင့်ပေါ်လာခဲ့တယ်။ လက်ဆောင်ကလည်း တော်ရုံတန်ရုံနဲ့ မဖြစ်ဘဲ အပြိုင်အဆိုင် လုပ်ကြတယ်။ မုန့်ပုံးထဲမှာ ရွှေချောင်းတွေ၊ ဒေါ်လာတွေ ထည့်ကြတယ်လို့ ကြားဖူးတယ်၊ ကြည်ညိုလို့၊ လေးစားလို့မဟုတ်ဘဲ တစ်ခုခုပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့်လည်း ကိုယ့်တပည့်တွေကို အမြဲသတိပေးခဲ့တယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ချစ်စရာကောင်းလှတဲ့ အလေ့အထတစ်ခုက အာစရိယပူဇော်ပွဲ။ တခြားနိုင်ငံမှာ ဒါမျိုးမရှိဘူး။ ငယ်ငယ်တုန်းက အာစရိယပူဇော်ပွဲတွေက ရိုးရိုးပဲလက်ဆောင်နေနဲ့ ပုဆိုးလောက်နဲ့ပြီးတာ။ အခုတော့ အာစရိယ ပူဇော်ပွဲတွေက တဖြည်းဖြည်း ခမ်းနားလာကြတယ်။ စားသောက်ဆိုင်တွေ၊ ဟိုတယ်ကြီးတွေမှာ လုပ်လာကြတယ်။ အကျွေးအမွေးဆိုရင် လည်းမျိုးစုံ၊ အလှူပစ္စည်းတွေကလည်း များလိုက်တာ။ ကျွန်တော်ကတော့ ကန်တော့တဲ့ တပည့်တွေကို အားနာတယ်။ အားလုံးက တတ်နိုင်ကြတာ မဟုတ်ဘူး။ မထည့်ပြန်ရင်လည်း ဆရာ ဆရာမတွေကို မလေးစားလို့ဆိုပြီး အပြောခံရမှာ။ ပြီးတော့ ကန်တော့ပွဲမှာ ထည့်ဝင်ရတဲ့ငွေက များပေမယ့် ကန်တော့ခံရတဲ့ ဆရာ ဆရာမတွေဆီ ရောက်တာက ခပ်နည်းနည်း၊ အခမ်းအနား၊ အကျွေးအမွေးတွေက အကုန်အကျများတာ။ လက်အုပ်ချီပြီး ကန်တော့တဲ့ ယဉ်ကျေးမှု ပြန်ဖော်ထုတ်သင့်တယ်။ ဟိုတယ်တွေ အစား တက္ကသိုလ်ဓမ္မာရုံမှာ လုပ်သင့်တယ်။ 

အဂတိလိုက်စားမှုနဲ့ ပတ်သက်လာရင် လူ့အဖွဲ့အစည်း တစ်ခုမှာရှိတဲ့ အစိတ်အပိုင်း သုံးခုစလုံးက တာဝန်ယူဖို့ လိုအပ်တယ်။ အစိုးရပိုင်း အုပ်ချုပ်တဲ့ သူတွေက ထိန်းသိမ်းဖို့ လိုအပ်သလို ပုဂ္ဂလိကကဏ္ဍကလည်း တိုက်ဖျက်ရမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေမှာလည်း အဂတိလိုက်စားမှုမရှိအောင် ကြိုးစားရမယ်။ ဒါကြောင့် ကျွန်တော့်စာတမ်းမှာ အဂတိလိုက်စား မှုတိုက်ဖျက်တဲ့နေရာမှာ ကိုယ်ကျင့်သီလရှိဖို့ အထူးသဖြင့် ပုဂ္ဂလိက ကဏ္ဍမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ဦးတည်ပြီး တင်ပြခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေမှာ ဦးတည်ချက်(၄)ရပ်ရှိဖို့ လိုအပ်ပါတယ်။ ပထမ ရည်ရွယ်ချက်က အမြတ်ရဖို့ ဖြစ်တယ်။ စီးပွားရေး လုပ်တာဟာ ပရဟိတ အလုပ်မဟုတ်ဘူး။ အရှုံးခံပြီး စီးပွားရေး လုပ်တာ သဘာဝမကျဘူး။ အမြတ်မရှိတဲ့ စီးပွားရေးဟာ ရေရှည် တည်တံ့နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သတိပြုရမှာက စီးပွားရေးလုပ်တဲ့ နေရာမှာ အမြတ်တစ်ခုတည်းအတွက် မဟုတ်ဘဲ လူတွေအတွက် ဖြစ်ရမယ်။ လူလို့ပြောရင် ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေ လူ့အဖွဲ့အစည်း အကျိုးကိုကြည့်ဖို့ လိုအပ်တယ်။ တတိယ ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ဖြစ်တယ်။ ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုခဲ့တာမို့ သစ်တောတွေ ပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးကတော့ ကိုယ်ကျင့်သီလ ဖြစ်တယ်။ စီးပွားရေးလုပ်ရင် သိက္ခာရှိရှိ လုပ်ရမယ်။ ကျင့်ဝတ် ထိန်းသိမ်းရမယ်။ စီးပွားရေး လုပ်ငန်းရှင်တွေမှာ စီးပွားရေးတာဝန် သာမက လူမှုရေး တာဝန်တွေရှိတယ်။ ဒါကို ကျေပွန်ရမှာ ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက တာဝန်ကျေပွန်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွန်းရေးကို ဦးတည်ပြီး လှုပ်ရှားခဲ့တာ။ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို (UN Global Compact အဖွဲ့ဝင် ဖြစ်လာအောင် တိုက်တွန်းခဲ့တယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းက ဦးဆောင်ပြီး ပုဂ္ဂလိက လုပ်ငန်းတွေမှာ လူ့အခွင့်အရေး၊ ဝန်ထမ်းရေးရာ၊ ပတ်ဝန်းကျင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့်လည်း ၂ဝ၁၂ ခုနှစ်မှာ ကုမ္ပဏီ ၁၅ ခုပါဝင်လာခဲ့ပြီး အခုချိန်မှာတော့ ၃ဝဝ ကျော်နေပြီ။ ကျွန်တော်ကတော့ ၁ဝဝဝ လောက်ရအောင် ကြိုးစားချင်တာ။ အခုလို အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ကုမ္ပဏီတွေဟာ မိမိတို့ရဲ့ ဆောင်ရွက်မှုတွေကို တစ်နှစ်တစ်ကြိမ် သတင်းပို့ရတယ်။ အစီစဉ်ခံစာ ရေးတင်ရတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ် ပြုခြင်းခံရတယ်။ မြန်မာပြည်မှာရှိတဲ့ ကုမ္ပဏီတွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပေါ်လစီတွေ ဖော်ထုတ်ပြီး အကောင်အထည် ဖော်သင့်တယ်။ မဟုတ်တာလုပ်ရင် တိုင်နိုင်မယ့် အစီအစဉ်တွေ ရှိရမယ်။ whistle blowing လို့ ပြောတဲ့ အဂတိလိုက်စားမှု ကျူးလွန်နေတာတွေ့ရင် ဘောလုံးပွဲမှာ ဒိုင်လူကြီးက ခရာမှုတ်သလို လုပ်ငန်းတွေမှာလည်း အသိပေးသင့်တယ်။ သတိပေးတဲ့သူကိုလည်း ကာကွယ်ပေးရမှာ ဖြစ်တယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ လုပ်စရာ နှစ်ခုပဲရှိတယ်။ ဒါကတော့ ''မပေးဘူး'' ၊ ''မယူဘူး''။ ဒါပေမယ့် နှစ်ခုစလုံးက လက်တွေ့မှာ ခက်ခဲတယ်။ ပေးတဲ့အကျင့်ပါနေတာမို့ မပေးဘဲ မနေတတ်တော့သလို ပေးနေကြမို့ မပေးရင် မနေတတ်တာ မျိုးဖြစ်နေတာ။ ကျွန်တော်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားလှုပ်ရှားမှု တစ်ရပ်အနေနဲ့ ဖြစ်စေချင်တယ်။ လူတိုင်းဒီကိစ္စကို စိတ်ဝင်စားပြီး ပါဝင်ပတ်သက်ရမယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောလို့မဖြစ်ဘူး။ ကလေးလူငယ်တွေကစဖို့လိုမယ်။ ရှက်တတ်တဲ့စိတ်ကို မွေးရမယ်။ မတရားတဲ့နည်းနဲ့ အကျိုးအမြတ်ရတာကို အရေး ယူရမယ်။ တရုတ်နိုင်ငံမှာ လူသိထင်ရှားတဲ့ သူတွေကို သေဒဏ်ပေးခဲ့တယ်။ နမူနာပြောပြခဲ့တာ။ ကျွန်တော်တို့ ဆီမှာလည်း ထင်သာမြင်သာအောင်တော့ လုပ်ရမှာ။ တစ်ချိန်က တိုင်မှ ကော်မရှင်က အရေးယူတယ်လို့ သိရတယ်။ အခုချိန်မှာ မတိုင်ဘဲ အရေးယူသင့်တယ်။ တိုင်မှဆိုနောက်ကျတယ်။ ကြိုတင်ပြီး စုံစမ်းသင့်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ဆန္ဒပါ။ လက်တွေ့မှာ ခက်မလားတော့ မသိဘူး။ 

အဂတိလိုက်စားမှုလုံးဝမရှိတဲ့ လူ့အဖွဲ့အစည်းမရှိပါဘူး။ ဒါကြောင့်လည်း ကျွန်တော်က ဂန္ဒီကြီးရဲ့ အဆိုအမိန့်ကို စာတမ်းမှာ မျှဝေခဲ့တယ်။ ကမ္ဘကြီးဟာ လူသားတိုင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် လူတွေရဲ့ လောဘကိုတော့ မဖြည့်ဆည်းပေးနိုင်ဘူးလို့ သတိပေးခဲ့တယ်။ လောဘရှိနေသရွေ့ အဂတိကတော့ ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က အဂတိနဲ့ ကတိဆိုတာကို ယှဉ်တွဲပြီး စဉ်းစားစေချင်တယ်။ ကတိတည်ကြပါ။ ကတိရှိကြပါ။ ဒါဆို အဂတိဆိုတာ မရှိတော့ပါဘူး။    ။