ခြစားမှုဟူသည် ပြည်သူတစ်ရပ်လုံး၏ရန်သူ

  • Tue, 2 January 2018

        ခြစားမှုဟူသည် ပြည်သူတစ်ရပ်လုံးအား ထိခိုက်စေသောကြောင့် ပြည်သူ တစ်ရပ်လုံး၏ ရန်သူဖြစ်သည်။ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ကျင့်ဝတ် ဆိုင်ရာစံတန်ဖိုးများနှင့် တရားမျှတမှုတို့ကို ခြစားမှုက ခြိမ်းခြောက်လျက်ရှိသည်။ ခြစားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ် ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ ခြစားမှုဟူသည် အင်စတီကျူးရှင်း များနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေ နိုင်သော အရာလည်းဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အများပြည်သူနှင့် ဆိုင်သော ရင်းမြစ်များသည် ဆင်းရဲသားပြည်သူများကို အကြီးအကျယ် အကျိုးပြုနေသည့် အရာများ ဖြစ်သောကြောင့် ခြစားမှု၏ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းထန်ဆုံး ထိခိုက်ခံစားရသူများမှာ ဆင်းရဲသားပြည်သူများသာဖြစ်သည်။

        အိမ်ရာစီမံကိန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပညာရေးဝန်ဆောင်မှုများ၊ လုံခြုံရေး လုပ်ငန်းများနှင့် လူမှုဖူလုံရေးလုပ်ငန်းများသည် အစိုးရပေါ်တွင် တည်မှီနေသောကြောင့် ခြစားမှု ကြောင့် ယင်းလုပ်ငန်းများ ထိခိုက်မှုကို အကြီးမားဆုံး ခံစားရမည့်သူများသည် ဆင်းရဲသား ပြည်သူများသာ ဖြစ်သည်။ အခြေခံအဆောက် အအုံဖွံ့ဖြိုးမှု နှေးကွေးကြန့်ကြာနေခြင်း၊ အိမ်ရာများ အရည်အသွေးညံ့ဖျင်းခြင်းနှင့် အပိုငွေကြေးများ အဆင့်ဆင့်ကုန်ကျနေခြင်း အားလုံးတို့သည် ခြစားမှု၏ အကျိုးဆက်များ ဖြစ်ကြသည်။ ခြစားမှုကျူးလွန်ခြင်းများစွာတို့က နိုင်ငံသားတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ဆုံးရှုံးစေသည်။

        ခြစားမှုနှင့် မိမိတို့နိုင်ငံအား ခြစားသောနိုင်ငံအဖြစ် နိုင်ငံတကာ၏ ထင်မြင်မှုများက နိုင်ငံ၏ဂုဏ်သိက္ခာကို ပျက်စီးစေပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတား များဖြစ်စေကာ စီပွားရေးကြီးထွားမှုကို နှေးကွေးစေသည်။ ပြည်သူ့ဘဏ္ဍာများသည် အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အစိုးရစီမံကိန်းများအတွက်ဖြစ်သည်။ အခွန်ကောက်ခံခြင်း၊ ငွေချေး စာချုပ်များ ထုတ်ရောင်းခြင်း၊ အစိုးရရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေရရှိခြင်း နှင့် အစိုးရအသုံးစရိတ်များ အတွက် အခြားနည်းလမ်းများဖြင့် ဘဏ္ဍာငွေရှာဖွေခြင်းတို့သည် နိုင်ငံသားများ အားလုံးအတွက် လူမှုရေးအာမခံချက်များရရှိရေး၊ ပညာရေးအသုံးစရိတ်များ၊ ဆေးရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အား နှင့် ရေအရင်းအမြစ်များ ထောက်ပံ့ရေးနှင့် ပြည်သူတို့၏ လုံခြုံရေးအာခံချက်များ ရရှိရေးတို့အတွက်ဖြစ်သည်။ ခြစားမှုနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့သည် နိုင်ငံ၏ ဘဏ္ဍာများကို လုံးပါးပါးစေခြင်းနှင့် နိုင်ငံ့ဘဏ္ဍာများကို ဖော်ပြပါစီမံကိန်းများနှင့် အစိုးရဝန်ဆောင်ပေးမှု အပေါ် တွင်သာ အများဆုံး မှီခိုနေရသူများမှ လမ်းလွဲစေခြင်းတို့ဖြစ်ပေါ်စေသည်။

        ကမ္ဘာတစ်လွှားတွင် ပြုလုပ်ခဲ့သည့် မရေမတွက်နိုင်သော လေ့လာချက်များက ခြစားမှုသည် ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတားဖြစ်စေပုံ၊ ကုန်သွယ်ရေးကို အဟန့်အတား ဖြစ်စေပုံ၊ စီးပွားကြီးထွားမှုကို လျော့ကျစေပုံနှင့် အစိုးရ၏ငွေကြေး သုံးစွဲမှုများနှင့်  ပတ်သက်သော အချက် အလက်များနှင့် စာရင်းဇယားများကို အချိုးပျက်စေပုံတို့ကို ပြသနေသည်။ သို့သော် အရေးအကြီးဆုံး မှာ အချို့နိုင်ငံများ၌ ခြစားမှုသည် ဆင်းရဲမွဲတေမှု၊ ဝင်ငွေမညီမျှတို့နှင့် တိုက်ရိုက်ဆက်နွှယ်နေမှုကို ပြသ သောလေ့လာချက်များဖြစ်သည်။

        နိုင်ငံတစ်နိုင်ငံတွင် ခြစားမှုများက ပြည်သူ့ဘဏ္ဍာများကို အချိုးမညီမျှမှု ဖြစ်စေပြီး ပြည်သူ တို့အတွက် လူမှုဖူလုံရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုရမည့် ဘဏ္ဍာငွေများကို လမ်းလွဲသွားစေသောကြောင့် ပြည်သူတို့အတွက်  ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ အားနည်း ချည့်ံခြင်းံံ

နဲ့သွားရသည်။ ယင်းဒဏ်ကို အများဆုံးခံစားရသူများသည် ဆင်းရဲသားပြည်သူများပင်ဖြစ်သည်။  ဝင်ငွေကွာဟချက် ကြီးမားလွန်းခြင်းကလည်း ခြစားမှုများကို အကြီးအကျယ်ဖြစ်စေသည်။

        ထို့ကြောင့် ခြစားမှုဒဏ်ကို အများဆုံးခံစားရသူများမှာ အခြေခံလူတန်းစား ဆင်းရဲသား ပြည်သူများသာ ဖြစ်သောကြောင့် ခြစားမှုဟူသည် ပြည်သူတစ်ရပ်လုံး ၏ ရန်သူဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Daily Eleven (၄-၁၀-၂၀၁၆)

ဆက်စပ် သတင်းများ