ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု

  • Tue, 2 January 2018

             လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ နိုင်ငံရေးဆိုင်ရာ ခြစားမှုဖြစ်သည်။ နိုင်ငံရေးဆိုင်ရာခြစားမှု ဟူသည် တရားမဝင် ကိုယ်ပိုင်အကျိုး အမြတ်အတွက် အစိုးရအရာရှိများ၏ အာဏာကို အသုံးပြုခြင်းဖြစ်သည်။ သို့သော် ယင်းလုပ်ရပ် သည် အစိုးရအရာရှိတာဝန်နှင့် တိုက်ရိုက်ပတ်သက်မှုရှိမှသာ အစိုးရအာဏာရှိသူတစ်ဦး၏ တရား မဝင် လုပ်ရပ်ကို နိုင်ငံရေးဆိုင်ရာ ခြစားမှုဟုခေါ်ဆိုနိုင်သည်။ ခြစားမှုပုံစံအမျိုးမျိုး ရှိသည့်အနက် လာဘ်စားခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ခရိုနီဝါဒ၊ ဆွေးမျိုးကောင်းစားရေးဝါဒ၊ သူကောင်း ပြုခြင်း၊ အာဏာရှိသူ နှင့် အကျိုးအမြတ်ရယူလိုသူတို့အကြား ပွဲစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်း နှင့် အလွဲသုံးစားလုပ်ခြင်းတို့ပါဝင်သည်။

           ခြစားခြင်းသည် မူးယစ်ဆေးမှောင်ခိုလုပ်ငန်း၊ ငွေကြေးခဝါချခြင်း နှင့် လူကုန်ကူးမှု တို့ကဲ့သို့သော ပြစ်မှုကျူးလွန်မှုများကို ကြီးထွားစေသည်။ နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှု များကဲ့သို့သော အခြားရည်ရွယ်ချက်အတွက် အစိုးရအာဏာကို တလွဲအသုံးပြုခြင်းများကိုလည်း နိုင်ငံရေးဆိုင်ရာခြစားမှုအဖြစ်  ထည့်သွင်းစဉ်းစားလာကြသည်။

           ကမ္ဘာတစ်လွှား၌ နိုင်ငံရေးဆိုင်ရာ ခြစားမှုအဖြစ် လာဘ်ငွေပေးခြင်း သက်သက်သည် ပင်လျှင် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ထရီလျံကျော်ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံရေးဆိုင်ရာ ခြစားမှုကို မထိန်းချုပ်နိုင်သည့် အခြေအနေကို Kleptocracy (သူခိုးများက အုပ်ချုပ်ခြင်း) ဟုခေါ်သည်။

           ယခုအခါ လာဘ်ပေးလာဘ်ယူနှင့် အခြားသိသာထင်ရှားသည့် ကိုယ်ပိုင် အကျိုးအမြတ် ရယူသော အမျိုးအစားများမှနေ၍ ခွဲခြားရန်  အချို့ခြစားခြင်း ပုံစံ များကို အင်စတီကျူးရှင်းဆိုင် ရာခြစားမှုဟု ခေါ်ဆိုလာကြသည်။ အင်စတီကျူးရှင်း ၏ ပင်မရည်ရွယ်ချက်နှင့် ဆန့်ကျင်သော အကျိုးအမြတ်ရှိနေသူများထံမှ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေါ်တွင် မှီခိုနေသော အင်စတီ ကျူးရှင်းတစ်ခုအတွင်း ခြစားခြင်းနှင့်ပတ်သက်သည့် အလားတူ ပြဿနာများ ပေါ်ထွက်လာသည်။

           နိုင်ငံရေးတွင် ခြစားမှုသည် ပုံမှန်လုပ်ငန်းစဉ်များကို ပျက်ပြားစေခြင်းဖြင့် ဒီမိုကရေစီနှင့် ကောင်းသောအုပ်ချုပ်ရေးကို ဖျက်ဆီးပစ်သည်။ ရွေးကောက်ပွဲများနှင့် ဥပဒေပြုမှုတို့၌ ခြစားခြင်း သည် တာဝန်ခံမှုကို လျော့ကျစေပြီး မူဝါဒချမှတ်ရာတွင် ကိုယ်စားပြုမှုကို အချိုးပျက်စေသည်။ တရားရေးစနစ်၌ ခြစားမှုသည် အပေးအယူလုပ်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည်။ အုပ်ချုပ်ရေး၌ ခြစားခြင်းသည် လုပ်ငန်းဌာနများ၏ လျာထားချက်များ မပြည့်မီခြင်းရလဒ်များကို ထွက်ပေါ်လာစေသည်။

           လုပ်ငန်းစဉ်များ အဆင်ပြေညီညွတ်မှုမရှိတော့ခြင်း၊ အရင်းအမြစ်များ လမ်းလွဲရောက်ရှိ သွားခြင်းနှင့် အများပြည်သူနှင့်ဆိုင်သောရုံးများ အရောင်းအဝယ် လုပ်နေခြင်းတို့ကြောင့် ခြစားမှုသည် အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပျက်စီးသွားစေသည်။ ခြစားမှုသည် အစိုးရ၏ တရားဝင်မှု၊ ယုံကြည်မှုနှင့် လက်သင့်ခံနိုင်မှုကဲ့သို့သော ဒီမိုကရေစီစံတန်ဖိုးများကို ပျက်ပြယ် စေသည်။ ခြစားမှုကြောင့် အင်စတီကျူးရှင်းများအပေါ် လူထု၏ယုံကြည်မှု ပျက်ယွင်းသွားသည်။

           အများပြည်သူနှင့်ဆိုင်သော ကဏ္ဍတွင် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုများသည် လာဘ်ငွေနှင့် ဗုန်းငွေများ များပြားလှသော စီမံကိန်းများအဖြစ် လမ်းလွဲသွားခြင်း အားဖြင့် နိုင်ငံ၏စီးပွားရေးကို အချိုးပျက်သွားစေသည်။ ယင်းကဲ့သို့သော အပေးအယူများ ပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တလွဲအသုံးပြုရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့က အများပြည်သူကဏ္ဍ၌  စီမံကိန်းများကို ဖန်တီးကြသည်။ ခြစားမှုသည် ဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အခြားထိန်းချုပ် ကွပ်ကဲရေး တို့အား လျော့ရဲသွားစေပြီး အစိုးရဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြေခံအဆောက် အအုံများ၏ အရည်အသွေးကို လျော့ကျသွားစေသည်။ အစိုးရအပေါ်သို့ ဘတ်ဂျက်ငွေ ဆိုင်ရာ ဖိအားပိုမိုလာစေသည်။

        ထို့ကြောင့် ဒီမိုကရေစီရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည့် ခြစားမှုများကို ကိုင်တွယ်နိုင်ခြင်းမရှိသည့် မည်သည့် အစိုးရ မဆို ပြည်သူလူထု၏ " မိမိတို့အစိုးရ " ဟု အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Daily Eleven (၂၀-၁၂-၂၀၁၅)

ဆက်စပ် သတင်းများ