၂၇-၁၂-၂၀၁၇ ရက်နေ့ သတင်းစာတွင် ပါဝင်သော "ရှေ့နေနှင့်အမှုတွဲ" ဆောင်းပါး

  • Fri, 29 December 2017

နိဒါန်း

"ဆရာ"

"ဗျာ"

"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"

"ရှေ့နေနှင့်အမှုတွဲပါ"

"ဘာကိုဆိုလိုပါသလဲ ဆရာ"

"ဖတ်ကြည့်ဗျာ"

အမှုတွဲ

ရှေ့နေဘဝ ကျင်လည်ခဲ့ရသော အချိန်က အမှုတစ်မှု စတင်လိုက်ပါတော့မည်ဆိုလျှင် ဘာတွေ ကြိုတင် ပြင်ဆင်မည်လဲ။ ဘာအမှုလဲ။ ရှေ့နေကိုယ်စားလှယ်လွှဲစာက စရသည်။ အမှုသည်ကလွှဲမှ ကိုယ့်တာဝန် ရှိသည်။ လွှဲစာမရှိက ဘာမျှမလုပ်ရ။ ပထမသတိပြုရသည့် သင်ခန်းစာ။ ပြီးမှ တံဆိပ်ခေါင်းကပ်နည်း၊   ရဲအရေးပိုင်၊ မပိုင်။ မည်သည့်ပုဒ်မ။ မည်သည့်တရားရုံး။ မည်သည့်တရား ခွင်စာရေး။

မည်သည့် တရားသူကြီး။ ဦးတိုက်မှုလား။ ရဲအရေးယူမှုလား။ စွပ်စွဲခံရသူသို့ချအပ်သည့် ရုံးခေါ်စာ။ တရားခံကို ဖမ်းဆီးသည့်အမိန့်။ စေ့စေ့ငငလေ့လာရသည်။ သေချာရသည်။ တရားခံ အာမခံရဖို့ အထူးအရေးကြီး။ ဘယ်ပုံစံ၊ ဘယ်လျှောက်လွှာ၊ ဘယ်ဆေးစာသုံးရပါ့။ ဘယ်လို အကြောင်းပြချက် ရေးရပါ့။ တရားသူကြီးက လက်ခံပါ့မလား။ စဉ်းစားရပြီ။ ချိန်ဆရပြီ။ အာမခံရ ပြန်တော့ ခံဝန်သူများ ရှာထားဦး။ တရားရုံးဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့် သိသင့်သေးသည်။

စာရွက်စာတမ်းများ

ပထမသတင်းပေးတိုင်ချက်၊ ဘာတွေရေးထားသလဲ။ တရားလိုက ဘာစွပ်စွဲတာလဲ။ ဘာပုဒ်မနှင့် ငြိသလဲ။ ရမန်ယူတာ ဘယ်နေ့စ၊ ဘယ်နေ့ဆုံး။ ရဲစက္ကူက ကြည့်၍မရ။ ဥပဒေအရာရှိ၏ တာဝန်။ သက်သေခံပစ္စည်း၊ ရှာဖွေပုံစံ၊ ဆေးစာ၊ ဓာတုဗေဒအစီရင်ခံစာ၊ လူစီတန်း ပြသခြင်း ပုံစံပါ သေးသလား။ သေတမ်းစစ်ချက်ရှိသလား။ ဖြောင့်ချက်ရှိသလား။ တရားစွဲခွင့်ပြုမိန့် လိုသော အမှုလား။ ဘာအမှုလဲ။ တရားရုံး၏ နေ့စဉ်မှတ်တမ်း။ ရှေ့နေတစ်ယောက်အနေနှင့် သိသင့် တာမှန်သမျှ သိထားရမည်။ လေ့လာရမည်။

အမှုသည်၏ညွှန်ကြားချက်

အမှုသည်၏ ညွှန်ကြားချက် ယူရသည်။ သူ့ညွှန်ကြားချက် မရှိရင် ကိုယ်ဘာလုပ်ရမည်လဲ။ သူပြောသမျှ နားထောင်ရမည်။ ပြောချင်တာ ပြောသော်လည်း စိတ်ရှည်ဖို့လိုသေး။ ပြီးမှ ခွဲခြမ်း စိတ်ဖြာ ဥပဒေရေးရာနှင့် ပေါင်းစပ်သုံးသပ်။ သူ့ညွှန်ကြားချက်ကို ရေးမှတ်ထား။ သူ့လက်မှတ် ယူထားလျှင် ပို၍ စိတ်ချရသည်။ နောင်တွင် အမှုသည်က (သူမပြောရပါလား) ဟု ငြင်းတတ် သည်။ သတိ။

အဂတိတိုက်ဖျက်ရေးအမှုတွဲ

          ရှေ့နေတာဝန်က အမှုတွဲနှင့် နပန်းလုံးရသည်။ (ယခု) အဂတိတိုက်ဖျက်ရေးတာဝန်မှာလည်း  ရှေ့နေ တာဝန်နှင့် ဘာကွာခြားသလဲ။ အမှုတွဲများနှင့်သာ ပြန်လည်ပေါင်းဖက်ရပြန်ပါသည်။ မလုပ်မဖြစ် တာဝန်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်  ဥပဒေ အမှတ် ၂၃ ဖြင့် (၇-၈-၂၀၁၃) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ အဂတိလိုက်စားမှု ဖြင့်ကြွယ်ဝချမ်းသာ လာခြင်းကို အဓိက တိုက်ဖျက်ဖို့ပါ။ ရာထူးလုပ်ပိုင်ခွင့်၊ တာဝန်ကျင့်သုံးဆောင်ရွက်မှုတွေကို အခြေခံ ပြီး အဂတိလိုက်စားခြင်းပါ။ ထို့ကြောင့် ငွေကြေးနှင့်ပစ္စည်းများ တိုးပွားပြီး မတရားရယူလာခြင်း ဖြစ်လာသည်ပါ။ ငွေကြေးနှင့်ပစ္စည်းကို မတရားရယူပြီး ကြွယ်ဝချမ်းသာလာခြင်းကို ဆိုလိုတာပါ။ ဥပဒေ စကားလုံးတွေက အများနားမလည်နိုင်၍ အများနားလည်အောင် ကိုယ့်စကားလုံးနှင့် ပြန်လည်ရေးပြခြင်းပါ။ အနှစ်သာရ ပျောက်၍တော့မဖြစ်ပါ။

ပဏာမစိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူး စသည့် အသုံးအနှုန်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေရှိပါသေးသည်။ နားရှုပ်သွားမည်ထင်သည်။ အများနားလည် အောင် ကြိုးစားရေးသား ရှင်းလင်းသွားပါမည်။ အဂတိတိုက်ဖျက်ရေးအမှုတွဲ တည်ဆောက်ပုံတွေ၊ ဥပဒေ ဗဟုသုတ ဝေငှချင်ပါသည်။ အများပြည်သူ၏ အကူအညီရယူခြင်း၊ ကော်မရှင်က အကူအညီ ပေးခြင်း၊ အသိဗဟုသုတမျှဝေခြင်း၊ ပညာပေးခြင်း၊ ပညာယူခြင်း အစီအစဉ်ဖြစ်ပါသည်။

အဖွဲ့များဖွဲ့ပေးခြင်း

ကော်မရှင်၏ လုပ်ငန်းတာဝန်များထဲမှာ ပဏာမစိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လိုအပ် သလို ဖွဲ့စည်း တာဝန်ပေးရပါသည်။ ဥပဒေပုဒ်မ၁၆ အရ ဖြစ်ပါသည်။ အဆိုပါ အဖွဲ့များကို ကော်မရှင်က ကြီးကြပ်ရသည်။ လမ်းညွှန်ရသည်။ စစ်ဆေးရေးမှူးချုပ်ကိုလည်း ခန့်အပ်တာဝန် ပေးရသည်။ စစ်ဆေးပြီး အစီရင်ခံစာများ တင်ပြစေရသည်။ ဖတ်ရသည်။ သုံးသပ်ရသည်။ လူကြီး များကိုပြန်လည် အစီရင်ခံရသေးသည်။ ပေးရန်တာဝန်၊ ရရန်ပိုင်ခွင့်စာရင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသူ အမျိုးအစား ပိုင်းခြား၊ အစိုးရဌာနများ၏အကြံဉာဏ်ရယူ။ အသေးစိတ်သည်။ ဥပဒေနှင့်အညီ စီမံဆောင်ရွက်ရသည်။

မမှန်မကန်တိုင်သူအရေးယူ

တိုင်ကြားစာကို စိစစ်၍ လက်ခံရသည်။ မမှန်မကန်တိုင်ကြောင်း စိစစ်တွေ့ရှိပါက တိုင်ကြား စာကိုပယ်ချရသည်။ မမှန်မကန်တိုင်ကြားသူကို ဥပဒေအရ အရေးယူရသည်။ (ဥပဒေပုဒ်မ ၁၆/ဌ) အဂတိမှုနှင့်ပတ်သက်လျှင် အဆောက်အအုံ၊ နေရာတစ်ခုခုအတွင်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးရ သည်။ ရှာဖွေရသည်။ သက်သေခံပစ္စည်းသိမ်းရသည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတို့ က ပေးအပ်သည့် အခြားတာဝန်များ ဆောင်ရွက်ရသည်။

စုံစမ်းစစ်ဆေးခြင်းမပြုရ

ကော်မရှင်သည် အောက်ပါကိစ္စများကို စုံစမ်းစစ်ဆေးခြင်းမပြုရ-

(က) တိုင်ကြားသည့်ကိစ္စသည် ကော်မရှင်က စုံစမ်းစစ်ဆေးပြီးသောကိစ္စဖြစ်ခြင်း

(ခ) တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်များမပါရှိခြင်း

(ဂ) ထပ်မံတိုင်ကြားမှုတွင် အရေးကြီးသည့်သက်သေခံချက်အသစ်မပါရှိခြင်း

 

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အောက်ပါပုဂ္ဂိုလ်များမပါဝင်ရ-

(က) စွပ်စွဲတိုင်တန်းသည့်အကြောင်းအရာတွင် အကျိုးသက်ဆိုင်သူ

(ခ) စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူအပေါ် မလိုမုန်းတီးမှု

(ဂ) စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် ဆွေမျိုးတော်စပ်သူ

(ဃ) စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်နေသူ

ဝန်ထမ်းစည်းကမ်းအရသာ

စုံစမ်းစစ်ဆေးချက်အရ စွပ်စွဲခံရသူအပေါ် ဝန်ထမ်းစည်းကမ်းအရသာ အရေးယူသင့်သည်ဟု ယူဆပါက ယင်း၏ ဝန်ထမ်းအကြီးအကဲထံ အကြောင်းကြားရမည်။ [ဥပဒေပုဒ်မ ၃၀(ခ)]

ပဏာမစိစစ်ရေးအမှုတွဲ

          ကော်မရှင်၏ တာဝန်ပေးအပ်ချက်အရ ပဏာမစိစစ်ရေးအမှုတွဲ ဖွင့်လှစ်ရမည်။ (နည်းဥပဒေ၂၇)

          အဂတိလိုက်စားမှုဖြင့် ရရှိသည့်ငွေကြေး၊ ပစ္စည်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးခွင့်၊ ဝင်ရောက် ကြည့်ရှုစစ်ဆေးခွင့်၊ ရှာဖွေခွင့်၊ သိမ်းဆည်းခွင့်ပြုသည့်အမိန့် (နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (င)အရ) ပုံစံ(၁)ကို သုံးရမည်။ ပုံစံ(၂)မှာ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား ထုတ်ဆင့်သည့် အမိန့်ဖြစ်ပါသည်။ ပုံစံ(၃)မှာ ငွေကြေးနှင့်ပစ္စည်းများ သိမ်းဆည်းခြင်းပုံစံဖြစ်ပါသည်။ ပုံစံ(၄)မှာ ကတိခံဝန်ချုပ်ဖြစ်ပါသည်။ ပုံစံ(၅)မှာ တားမြစ်မိန့်ဖြစ်ပါသည်။ ပုံစံ(၆)မှာ ငွေကြေးနှင့်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းပုံစံဖြစ်ပါသည်။ ပုံစံ(၇)မှာ ကြေညာလွှာ ပေးပို့ခြင်းပုံစံ ဖြစ်ပါသည်။ မရွှေ့ ပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ စသည်ဖြင့် ခွဲခြားထားပါသည်။အများ သိစေချင်ပါသည်။

ပြည်သူများပူးပေါင်းပါဝင်လာစေရေး

          အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် တစ်ဖွဲ့တည်းလုပ်၍ မရ။ တစ်ဦးတည်း လုပ်၍ မရ။ အများပြည်သူပါဝင်မှ၊ ပူးပေါင်းမှရမည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းသည်။

          ကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အောက်ပါလုပ် ငန်းများကို ဆောင်ရွက်နိုင်သည်-

(နည်းဥပဒေ ၅၉)

 (က)  စာသင်ကျောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပညာပေးဟောပြောပို့ချခြင်း

( ခ )  အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွက် စည်းရုံးပညာပေးဟောပြောဆွေးနွေးခြင်း၊ သင်တန်းများပို့ချခြင်း

(ဂ) သတင်းမီဒီယာများနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြောင်းအရာများ၊ အကျင့်စာရိတ္တမြင့်မားသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြသနိုင်ရန် ဆောင်ရွက်ခြင်း

(ဃ)   အဂတိလိုက်စားမှုဆိုင်ရာသတင်းများကို အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

(င) လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်ကို ပိုမိုမြှင့်တင်နိုင်ရန် လေ့ကျင့် ပညာပေးခြင်း တို့ဖြစ်ပါသည်။

ဝိုင်းဝန်းကူညီ

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်သူများက၊ အားလုံးကဝိုင်းဝန်း ကူညီကြမည်။ အခက်အခဲများ ဖြေရှင်းမည်။ ပြဿနာများအဖြေရှာမည်။ မသိနားမလည်မှုများ ပပျောက်စေမည်။ လုပ်အားတန်ဖိုးချစ်မြတ်နိုးစေမည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသော ဆောင်ပုဒ်ကို အကောင် အထည်ဖော်မည်။ လုံ့လဝီရိယရှိသူ၊ အလုပ်ကြိုးစားသူ၊ အကျင့်စာရိတ္တမြင့်မားသူများအား ဂုဏ်ပြု နည်းယူမည်။ တိုင်ကြားမှုအမှုတွဲ ပြည့်စုံမှန်ကန်စေမည်။ ဥပဒေဗဟုသုတပြည့်ဝအောင် ပညာပေး ကြမည်။ လိုအပ်ချက်တွေ အဖြေထပ်ရှာရဦးမည်။ ကြိုးပမ်းကြရဦးမည်။ သို့မှသာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးအင်အားတိုးပွားမည်။

နိဂုံး

စုံစမ်းစစ်ဆေးသည့်အလုပ်ဖြစ်သောကြောင့်-

(၁) အမှုတွဲမပါလျှင်မပြီး၊ ဥပဒေမပါလျှင်မပြီး

(၂) သတ်မှတ်ချက်ဂုဏ်အင်္ဂါတွေစုံလင်မှ၊ ဥပဒေနှင့်ညီညွတ်မှ အဂတိကို

တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါကြောင်း။

ဆက်စပ် သတင်းများ