UNCAC Implementation Review Group 8th Session အစည်းအဝေး

  • Mon, 19 June 2017

UNCAC Implementation Review Group 8th Session အစည်းအဝေး


        ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာ အပြည်ပြည်ဆိုင်ရာစင်တာ (VIC) ၏ စတုတ္တထပ်ရှိ အစည်းအဝေးခန်းမတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် UNCAC Implementation Review Group 8th Session အစည်းအဝေးအား မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်း၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်း နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်လွင်တို့ တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၄) ဦးနှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ရုံး(ဗီယင်နာ) မှ ဒုတိယအတွင်းဝန် ဒေါ်ဖွေးမွန်ကျော်နှင့် တတိယအတွင်းဝန် ဒေါ်ဆုဝေဖိုးကျားတို့ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့်အတူ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၉) နိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များအပါအဝင် ကိုယ်စားလှယ် (၄၈၁) ဦး တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် UNCAC First Cycle ပထမအကြိမ်လုပ်ငန်းစဉ်အပေါ် သုံးသပ်တွေ့ရှိချက်များမှ အကြံပြုချက်များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ နှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ကြခြင်း ဖြစ်ပါသည်။ UNCAC First Cycle ပထမအကြိမ်လုပ်ငန်းစဉ်သုံးသပ်တွေ့ရှိချက်များမှ အကြံပြုချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန်၊ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက် သွားရန် နှင့် လိုအပ်သည့် နည်းပညာအထောက်အပံ့များ တောင်းခံဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြပြီး အထူးသဖြင့် အခန်း(၂) နှင့် အခန်း(၅)ပါပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

        မြန်မာနိုင်ငံအနေဖြင့် UNCAC First Cycle လုပ်ငန်းစဉ်များအပေါ် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ရရှိထားသည့် အတွေ့အကြုံနှင့် လေ့လာရရှိခဲ့သည့် သင်ခန်းစာများအရ ထပ်မံဆောင်ရွက်ရမည့် Second Cycle လုပ်ငန်းစဉ်များကိုလည်းအောင်မြင်စွာဆောင်ရွက်ရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းသက်ဆိုင်ရာဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပါဝင်ဆောင်ရွက်သူများ၏ Capacity Building များပြည့်ဝစေရန် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ