ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်သည့်သတင်း

  • Sat, 15 June 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်သည်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်သည့်သတင်း


ဇွန်လ ၁၄


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုဝေးခန်းမဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနကြီးမှူးများ ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ပြုလုပ်ရခြင်းမှာ ဝန်ကြီး ဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် ကိစ္စရပ်များ ၊ နစ်နာဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်သည့်အပြင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုလျော့ကျခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း ၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟု ဆိုရိုးစကားနှင့်အညီ အဂတိလိုက်စားမှုများ မဖြစ်မီကတည်းကပင် ကြိုတင်တားဆီးကာကွယ်ထားရမည် ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နိုင်သည့်အတွက် ကျူးလွန်မိပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူအပြစ်ပေးခံရခြင်းကြောင့် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာကျဆင်းစေမှာ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အသိပညာပေးလုပ်ငန်းများကို ဘက်စုံ ၊ ထောင့်စုံမှ ကျယ်ကျယ်ပြန့်ပြန့် စေတနာထက်သန်စွာဖြင့် ရှင်းလင်းဆွေးနွေးပေးသည့်အတွက် ကြိုဆိုပါကြောင်း ၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျှက်ရှိပြီး ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်း ၊ အမှုထမ်းများကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိတို့မှတစ်ဆင့် မိမိပတ်ဝန်းကျင် ၊ မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ အသိပညာပေးကဏ္ဍကို ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများသည် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းသည် အဂတိလိုက်စားမှုဖြစ်ပြီး ကျင့်ဝတ်နှင့်မညီသည့် လုပ်ရပ်ဖြစ်ပါကြောင်း ၊ ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးပေးသည့် တံတားများဖြစ်၍ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ရရှိ မည်ဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအပေါ် ယုံကြည်အားကိုးခြင်းသည် အစိုးရအပေါ် ယုံကြည်ခြင်းဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနှင့် မိမိဌာန ၊ မိမိနိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်ရန်အတွက် အဂတိတရားကင်းစင်၍ ဖြောင့်မတ်တည်ကြည်စွာ အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ တာဝန်ထမ်းဆောင်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအခန်းကဏ္ဍ ၊ စုံးစမ်းစစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး  ဒေါ်ဇာဇာမိုးက  အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြား၍ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိပါသည်။










ဆက်စပ် သတင်းများ