အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တို့ ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ

  • Fri, 14 June 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တို့ ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း ကျင်းပ


မော်လမြိုင် ၊ ဇွန်လ ၁၄


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် အစိုးရ နည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၁၉၄) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့ အဖွဲ့အစည်းဖြစ်တည်ရေးဆောင်ရွက်ရာတွင် အနာဂတ်ခေါင်းဆောင်များဖြစ်သည့် ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ 

အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရန် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုသည် တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် ဖြောင့်မတ်တည်ကြည်မှုမြင့်မားပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် လူငယ်တို့၏ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် လူ့အဖွဲအစည်းသည် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ ကောင်းမွန်သည့်အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်နေ့စဉ်ဘဝတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ 

        ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်က ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။





ဆက်စပ် သတင်းများ