အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

  • Tue, 11 June 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း


  နေပြည်တော်၊ ဇွန်လ ၁၀


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေး နွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊  တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုကဲ့သို့ အဂတိလိုက်ကစားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများအား လက်ခံကျင်းပခြင်းအားဖြင့် ဝန်ကြီးဌာနရှိ ဌာနအကြီး အကဲများနှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့် ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းပျက်စီးစေပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုး တက်မှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုအဟန့်အတားဖြစ်စေပြီး၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျကာ အကျိုးဆက်အနေဖြင့် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် အဂတိတရားကင်းရှင်းစွာဆောင်ရွက်သွားရန်လိုကြောင်း၊

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများ အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတများကို မိမိ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးပြီး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ 

ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ CPU အဖွဲ့များအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုလျော့နည်းရေး၊ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများကို လူထုထံသို့ ပြည့်စုံကောင်းမွန်စွာ ဖြည့် ဆည်းဆောင်ရွက်ပေးရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေးလုပ်ငန်းစဉ်များအား အထူးအလေးထား စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကိုအကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှုမျာကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေး၊ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိကိုယ်ကျိုးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အများပြည်သူအကျိုးစီးပွားဆောင်ရွက်ရန်အတွက် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးကိုသာ ရှေ့ရှုဆောင်ရွက်ခြင်းဖြင့် အဂတိတရားကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းများ၏ အင်အား၊ ဉာဏ်ပညာ၊ ကြိုးစားအားထုတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက စုံစမ်းစစ်ဆေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေး ဌာနခွဲ မှညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဥပဒေရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ခေါင်းဆောင်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက

စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊

ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က

အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊

တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ

ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း




သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက

CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ