အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

  • Thu, 11 April 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း


ရန်ကုန် ဧပြီ ၁၁ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/ ကျောင်းသူ (၄၈၆) ဦး တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အဖွင့်အမှာစကားပြောကြားရာ၌ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဝန်ဆောင်မှုရယူကြသည့် ပြည်သူများထံမှ တံစိုးလက်ဆောင်ရယူခြင်းအပါအဝင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင် အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေး ဝါဒကျင့်သုံးခြင်း၊ မိမိနှင့် နီးစပ်သူများကောင်းစားရေးအတွက် ဆောင်ရွက်ခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ပြဿနာသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် Global Issue ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနှင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာနှင့် အရင်းအမြစ်များကို အများပြည်သူအကျိုးရှိစေမည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲခြင်းကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများ ဖြစ်လာသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ‌ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချခြင်း၊ နိုင်ငံဖြတ်ကျော်လွှဲပြောင်းခြင်းများ ဆောင်ရွက်လာသည့်အတွက် နစ်နာဆုံးရှုံးသွားသည့် နိုင်ငံ့ဘဏ္ဍာငွေများ ပြန်လည်ရရှိနိုင်ရေး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်တွင် “သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်”ဟု ပြဋ္ဌာန်းထားသည့်အတွက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အဓိကမောင်းနှင်အားဖြစ်သော နိုင်ငံ့ဝန်ထမ်းများက အများပြည်သူ ဝန်ဆောင်မှုပေးရာ၌  ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဘဝတစ်သက်တာ အကျိုးရှိစေမည့် ရှင်းလင်းဆွေးနွေးချက်များကို သိရှိမှတ်သားကြ၍ မိမိတို့ ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းတွင် ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာစိုး က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်စံနှုန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာစိုး က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း

နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်စံနှုန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်း က ကျေးဇူးတင်စကား ပြောကြားခြင်း

 

ဆက်စပ် သတင်းများ