အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • Thu, 21 March 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ မတ်လ ၂၁ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ Hybrid Format ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌအတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ 

    အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် မဟာဗျူဟာစီမံချက်ကို (၄) နှစ်တာ ကာလသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာစီမံချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများကို တည်ဆောက်နိုင်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်‌ရန်ရည်ရွယ်၍ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၃၆)ခုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့(၁၄) ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ ဖွဲ့စည်းကာ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးရာ၌ အဂတိလိုက်စားမှုများဖြစ်ပေါ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ရပါက လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနစ်နာနိုင်ပါကြောင်း၊ အချို့သောအမှုကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လွှဲပြောင်းဆောင်ရွက်ရခြင်းများရှိရာ ပြစ်မှုနှင့် လျော်ညီသည့် ဌာနတွင်း အပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်သင့်ကြောင်း၊ ၎င်းအပြင် ဌာနများအလိုက် လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များ၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေများနှင့်စပ်လျဉ်း၍ ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment – CRA) များကို ဆောင်ရွက်သင့်ပါကြောင်း၊ 

    အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် CPU ၏ လုပ်ငန်းစဉ် (၆) ရပ် အနက် တစ်ခုဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားနည်းချက်/အားသာချက်များကို သိရှိနိုင်ရန်ဝန်ဆောင်မှုရယူကြသည့် ပြည်သူများထံသို့ SMS များ ပေးပို့မေးမြန်းခြင်းကို ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူများ၏ အကြံပြုချက်များကိုလည်း အလေးအနက်ထား၍ ပြုပြင် ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဌာန၏ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး အများပြည်သူ၏ယုံကြည်အားကိုးမှု ရရှိလာမည်ဖြစ်ပါကြောင်း၊ 

    ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် CPU၏ စွမ်းဆောင်ရည်နှင့် အခန်းကဏ္ဍမြင့်မားလာစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် “Zero Tolerance Policy” ကို ချမှတ်၍ အဂတိကင်းစင်သည့် လူမှုအသိုက်အဝန်းကို အတူတကွ ထူထောင်ကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံသား အားလုံး၏တာဝန်ဖြစ်သည့်အတွက် အတူတကွ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက အစိုးရဌာနများ၏ ဝယ်ယူရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုပြုံးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏အရေးပါမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ထွေးရီက စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့်မှတ်တမ်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ပေးပို့လာသော တိုင်ကြားစာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ 

    ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့မှုများအပေါ် ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးဖြေကြားခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ (၁၆:၁၅) နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က ဘာသာရပ်ဆိုင်ရာဆွေးနွေးပို့ချသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က ဘာသာရပ်ဆိုင်ရာဆွေးနွေးပို့ချသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုပြုံးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ က ဘာသာရပ်ဆိုင်ရာဆွေးနွေးပို့ချသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ထွေးရီ အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း

ဆက်စပ် သတင်းများ