အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

  • Mon, 11 March 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ


နေပြည်တော်၊ မတ် ၁၁ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၀) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နံနက် ၀၇:၀၀ နာရီတွင် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ၀၉:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌဦးစစ်အေးနှင့် မိသားစုဝင်များ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ ကော်မရှင်၏  (၁၀)နှစ်တာကာလအတွင်း တာဝန်ယူဆောင်ရွက်ခဲ့ကြသည့်  ကော်မရှင်ဥက္ကဋ္ဌ ၊အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မား တိုးတက်ရေးကို ရည်ရွယ်၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်မှန်းချက်ပါ လုပ်ငန်းစဉ်များမှာ ကြီးမားကျယ်ပြန့်သည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်ရမည့် အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကိုလည်း လိုက်နာရန်လိုကြောင်း၊   ကော်မရှင်ကျင့်ဝတ်ကိုလည်း အထူးအလေးထားလိုက်နာဆောင်ရွက်ရန်နှင့် ကော်မရှင်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ကျေညက်စွာ သိရှိနားလည်ရမည့်အပြင် တစ်ဦးချင်းစီ၏ အရည်အသွေးများနှင့် စဉ်းစားတွေးခေါ် ဝေဖန်ဆန်းစစ်မှု တိုးတက် အားကောင်းလာစေရန် အမြဲမပြတ် လေ့လာသင်ယူကြရန်လိုကြောင်း၊

    ဝန်ထမ်းများ၏ အရည်အသွေးများတိုးတက်ကောင်းမွန်လာပါက ၎င်းတို့အတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းလာမည့်အပြင် ကော်မရှင်အတွက် စွမ်းအားရှိသည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အပြင် နိုင်ငံ့အကျိုးကို ဦးတည်၍ လုပ်ဆောင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်း ၉ ဦးအား ဆုများချီးမြှင့်ခြင်း၊ အတွင်းရေးမှူးက အိမ်ရာ/ အဆောင်များအလိုက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှု၊ သီးပင်၊ စားပင်များ စုပေါင်းစိုက်ပျိုးမှုနှင့် စည်းကမ်း ကောင်းမွန်မှုတို့တွက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိခဲ့သည့် အိမ်ရာ ၊အဆောင်တာဝန်ခံများအား ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက် ဗလာမပါ ကံစမ်းမဲဖောက်ချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညပိုင်းတွင် ဝန်ထမ်းများအား ဂုဏ်ပြုညစာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကာ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်းဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း

ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အိမ်ရာ/အဆောင်များအလိုက် ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှု၊ သီးပင်စားပင် စိုက်ပျိုးမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် အိမ်ရာ/အဆောင်တာဝန်ခံများအား ဆုများချီးမြှင့်ခြင်း

ဝန်ထမ်းများအတွက် ကံစမ်းမဲပစ္စည်းများ မဲဖောက်ပေးခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အထူးဆုကြီးဖြစ်သည့် ဆိုင်ကယ်ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း

ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က HD TV 32 လက်မဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ရေခဲသတ္တာ ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း


ဆက်စပ် သတင်းများ