အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏ ပြည်ပသင်တန်းအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

  • Fri, 16 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏  ပြည်ပသင်တန်းအတွေ့အကြုံရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများသည် အိန္ဒိယနိုင်ငံ၊ ဗဟိုစုံစမ်းစစ်ဆေးရေးအကယ်ဒမီ (Central Bureau of Investigation Academy – CBIA) မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation of Corruption Related Cases and Asset Recovery သင်တန်းသို့ Online ဖြင့် တက်ရောက်ခဲ့ရာ ၎င်းဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံရှင်းလင်းပွဲကို နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုကြောင့် ရရှိလာသည့်ပိုင်ဆိုင်မှုများ ပြန်လည်သိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ် Crypto Currencies များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရမည့်နည်းပညာများမှာ ယနေ့ခေတ်တွင် တိုးတက်များပြားလျက်ရှိကြောင်း၊ ကော်မရှင်ရုံးတွင် စုံစမ်းစစ်ဆေးရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် နည်းပညာများ၊ လုပ်ထုံး လုပ်နည်းများ၊ ဆက်စပ်ဥပဒေများကို ကျယ်ပြန့်နှံ့စပ်စွာ သိရှိလေ့လာထားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် အဂတိလိုက်စားမှုကြောင့် ရရှိလာသည့်ငွေကြေးများကို ခဝါချသည့် ကိစ္စရပ်များနှင့်ဆက်စပ်သည့်အမှုများကိုလည်း စစ်ဆေးနိုင်ရန် လေ့လာရမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ယင်းတို့ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်စပ်လျဉ်း၍ စဉ်ဆက်မပြတ်ပြန်လည်သုံးသပ်လျက်ရှိသည့် ကောင်းမွန်သည့်အလေ့အထရှိသော နိုင်ငံဖြစ်သည့်အတွက် သင်တန်းမှရရှိသောအတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ Knowledge Sharing ဆောင်ရွက်ခြင်းဖြင့် ကျန်ရှိသည့်ဝန်ထမ်းများအနေဖြင့် ဗဟုသုတများရရှိကာ တာဝန်ထမ်းဆောင်ရာတွင် လက်တွေ့ကိုးကားအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် သေချာစွာလေ့လာမှတ်သားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် Investigation of Corruption Related Cases and Asset Recovery သင်တန်းမှ သင်ကြားပို့ချခဲ့မှုများနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထက်နှင့် ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်တို့မှ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း

သတင်း၊တိုင်ကြားစာနှင့်မှတ်တမ်းဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင် က Investigation of Corruption Related Cases and Asset Recovery သင်တန်း တွင် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

စုံစမ်းစစ်ဆေးရေးဌာနခွဲ(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထက် က Investigation of Corruption Related Cases and Asset Recovery သင်တန်း တွင် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း

သတင်း၊တိုင်ကြားစာနှင့်မှတ်တမ်းဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင် က သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခြင်း

ဆက်စပ် သတင်းများ