အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

  • Tue, 30 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ  ၃၀ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ယနေ့ မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၃ ) ဦး တက်ရောက်ခဲ့ကြသည်။ 

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွင်း အဓိကတာဝန်ယူထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏စွမ်းရည် ပိုမိုထက်မြက်ပြီး အရည်အသွေးမြင့်မားစေရန်၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ သိရှိနားလည်စေရန်၊  ရုံးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိနားလည်စေရန်နှင့် ကော်မရှင်ကျင့်ဝတ်နှင့်အညီ အကျင့်စာရိတ္တ မှန်ကန်တည့်မတ်စွာဖြင့် ဘက်လိုက်မှုမရှိ ဆောင်ရွက်တတ်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန်၊ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို အခြေခံ၍ ကောင်းစွာတတ်ကျွမ်းပြီး လက်တွေ့ကျကျ၊ ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သော အရည်အသွေး၊ အရည်အချင်းများပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်ပေါ်စေရန် ရည်ရွယ်၍ အခြေခံလေ့ကျင့်ရေးသင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် လုပ်ငန်းခွင်နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို လေ့လာမှတ်သားရသည့်အပြင် နည်းပြများ၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့်ယှဉ်တွဲ၍ သင်ကြားပို့ချမှုများကို လေ့လာသင်ယူခဲ့ပြီး ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ဆောင်ရွက်လုပ်ကိုင်ရမည့်လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွင်း အဓိကတာဝန်ယူထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အဓိကကျသူများဖြစ်သည့်အတွက် “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆိုသည့်ဆောင်ပုဒ် နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး အဂတိလိုက်စားမှု ကင်းစင်ရမည့်အပြင် မိမိတို့အား ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများ ပြည့်စုံနေရန် လိုအပ်ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပြင် ကော်မရှင်မှ ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်ကိုလည်း လိုက်နာ‌စောင့်ထိန်းကြရန်လိုပါကြောင်း၊ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများအနေဖြင့် အလုပ်အပေါ် စိတ်ဝင်စားစွာဖြင့် မိမိတို့၏ စွမ်းဆောင်ရည်နှင့် အလုပ်ချိန်တို့ကို အပြည့်အဝ အသုံးချ ဆောင်ရွက်သွားကြရန်နှင့် သင်ကြားပေးလိုက်သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရင်း ထပ်မံလေ့လာရရှိသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်၍ စဉ်ဆက်မပြတ်တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်သွားကြရန်နှင့် “အဂတိပယ်ခွာပြည်သာယာ” ဆိုသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ပုဒ်နှင့်အညီ ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် အားသွန်ခွန်စိုက် ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

    ၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၃) ဦးကိုယ်စား သင်တန်းသား (၁) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က တတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ