အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်း

  • Mon, 1 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်း


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ  ၁ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  ၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၃) ဦး တက်ရောက်ခဲ့ကြသည်။

        သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းသစ်များအနေဖြင့် ကော်မရှင်သို့ရောက်ရှိချိန်မှစ၍ နိုင်ငံ့ဝန်ထမ်း ဖြစ်လာပြီဟုခံယူလျက် မိမိ၏ ဂုဏ်သိက္ခာ၊ ကော်မရှင်၏ ဂုဏ်သိက္ခာအပေါ် အလေးထား၍ ကောင်းမွန်သောခံယူချက်ဖြင့် အများပြည်သူအကျိုးကို ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြစေလိုကြောင်း၊ မိမိတာဝန်ကျရာဌာန၏ လုပ်ငန်းတာဝန်များကို ထက်ထက်မြက်မြက်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သေချာစွာ သိရှိထားရန်လိုကြောင်း၊ ထိုးထွင်းကြံဆ တီထွင်ဖန်တီးနိုင်ရန်လိုကြောင်း၊ ဌာနတွင် အသုံးဝင်၊ အသုံးတည့်သည့် ဝန်ထမ်းများဖြစ်စေရန် တစ်ဦးချင်းက ကြိုးစားရန် တာဝန်ရှိကြောင်း၊ ပေးအပ်သည့် တာဝန်များကို အကောင်းဆုံးထမ်းဆောင်နိုင်ရန်လိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီက မိမိဌာန၊ နိုင်ငံအပေါ် သစ္စာရှိရန်နှင့် ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်ကို စွဲမြဲစွာ လိုက်နာရန်လိုကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်စာရိတ္တပျက်ယွင်းခြင်းဖြစ်ပြီး ယင်းကို ပြုပြင်ပေးရန်တာဝန်မှာ ကော်မရှင်တာဝန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်တည်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိပယ်ခွာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊

ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခြင်း

        အခြေခံလေ့ကျင့်ရေးသင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၊ ကော်မရှင်ကျင့်ဝတ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးဆောင်ရွက်ချက်များ၊ ရုံးလုပ်ငန်းများနှင့် ပတ်သက်သည့်ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ