အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်း

  • Fri, 1 December 2023

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်း


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ Landmark Mekong Riverside Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအား ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့အား ၂၉-၁၁-၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီမှ ၁၆:၂၀ နာရီအထိ ကျင်းပခဲ့ရာ သဘာပတိအဖြစ် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးအာဏာ ပိုင်အဖွဲ့ ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH ကဆောင်ရွက်ပြီး ယခင်နှစ်က ကျင်းပခဲ့သည့်(၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ယခင်နှစ်က အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့မှ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးအနေဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ဒေသဆိုင်ရာ ကိုယ်စားလှယ်မှ ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ 

    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အလေးထား ဆွေးနွေးခဲ့ပြီး အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးအစီအစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ ဖြောင့်မတ်တည်ကြည်မှုလူငယ်စကားဝိုင်းများနှင့် Edutainment အစီအစဉ်များမှတစ်ဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များပါဝင်လာရေးမြှင့်တင် ဆောင်ရွက်နေမှု၊ Edutainment အစီအစဉ်များတွင်ပါဝင်သည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများထံမှ ကောင်းမွန်သည့်တုံ့ပြန်မှုများရရှိခဲ့မှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကိုလည်း ထုတ်ဝေဖြန့်ချိခြင်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP) များ ဆောင်ရွက်နေမှု၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်‌ဆေးမှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူအကာကွယ်ပေးရေး ဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်နေမှုနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေမှုတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံအစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း၊ ညနေပိုင်းတွင်မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (State Inspection Authority_SIA) ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH ခေါင်းဆောင် သည့်ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ၊ ထိုင်းဘုရင့်နိုင်ငံ အမျိုးသားအဂတိလိုက်စားမှုဆန့်ကျင် ရေးကော်မရှင် (National Anti-Corruption Commission_NACC) မှ Deputy Secretary-General Mr.Prateep Juthasron ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (State Inspection Authority _SIA) ဥက္ကဋ္ဌမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ 

    အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ၃၀-၁၁-၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ ကျင်းပခဲ့ရာ ASEAN-PAC E-Booklet မူကြမ်းနှင့် လွှင့်တင်ရေးကိစ္စရပ်များဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ်တွင် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မည့် အဆိုပြုခေါင်းစဉ်အပေါ် ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ် အဖွဲ့ဝင်အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံ KPK မှ အစည်းအဝေး လက်ခံကျင်းပရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ ASEAN- PAC ၏ ဆက်သွယ် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များစာရင်းအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပိတ်ပွဲ အခမ်းအနားသို့ လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (State Inspection Authority _SIA) ဥက္ကဋ္ဌ H.E. Mr. Khamphanh PHOMMATHATH က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။


မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACCM) ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး နှင့် လာအိုနိုင်ငံအစိုးရစုံစမ်း စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (SIA) ဥက္ကဋ္ဌ H.E. Mr.KHAMPHANH PHOMMATHATH တို့ အကြားနားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်း


မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACCM)ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့် လာအိုနိုင်ငံအစိုးရစုံစမ်း စစ်ဆေးရေး အာဏာပိုင်အဖွဲ့ (SIA) ဥက္ကဋ္ဌ H.E. Mr.KHAMPHANH PHOMMATHATH တို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးခြင်း

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACCM) ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့် ထိုင်းဘုရင့်နိုင်ငံ အမျိုးသားအဂတိလိုက်စားမှု ဆန့်ကျင်ရေး ကော်မရှင် (NACC) ဒုတိယအထွေထွေ အတွင်းရေးမှူး Mr.Prateep Juthasron တို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးခြင်း

(၁၉) ကြိမ်မြောက် ASEAN-PAC ၏ အကြီးအမှူးများ အစည်းအဝေးတက်ရောက်မှု မှတ်တမ်းဓာတ်ပုံ 

(၁၉) ကြိမ်မြောက် ASEAN-PAC ၏ အကြီးအမှူးများ အစည်းအဝေးတက်ရောက်မှု မှတ်တမ်းဓာတ်ပုံ

  

(၁၉) ကြိမ်မြောက် ASEAN-PAC ၏ အကြီးအမှူးများ အစည်းအဝေးတက်ရောက်မှု မှတ်တမ်းဓာတ်ပုံ

ဆက်စပ် သတင်းများ