အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

  • Thu, 16 November 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့  ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ ၁၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အထက - ၃ ကျောင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံးခွဲများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင့်မြင့်လွင်က အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိရန်၊ အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာရေး ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်တို့၏အခန်းကဏ္ဍ ပါဝင်လာစေရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုကို မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ကြရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်သည့်အတွက် ကောင်းမွန်သည့် ကိုယ်ကျင့်တရားများကို ငယ်စဉ်ကတည်းက ပျိုးထောင် တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ အနာဂတ်၏ခေါင်းဆောင်များဖြစ်သည့် မျိုးဆက်သစ်လူငယ်များအား ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖြစ်တည်လာစေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပြီး ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဆိုသည်မှာ နေ့စဉ်လုပ်ငန်းကိစ္စရပ်များတွင် စံနမူနာတစ်ခုကို ထောက်ခံအားပေးပြီး ၎င်းနှင့်ဆန့်ကျင်ဆောင်ရွက်ခြင်းမပြုဘဲ ကျင့်ဝတ်နှင့်ညီသော စည်းမျဉ်းများကို ဖော်ဆောင်လိုက်နာခြင်းဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက်ပါက အဂတိလိုက်စားမှု ဖြစ်နိုင်ပါကြောင်း၊ လူငယ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်ဖြစ်စေ၊ အခြားမူဝါဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်ဖြစ်စေ ပါဝင်ခွင့်ပေးရန် လိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ အထက-၃ မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက် ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်း ရရှိပါသည်။



ဆက်စပ် သတင်းများ