အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ

  • Fri, 8 September 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ ၈ ရက်  

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်များအား ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည်စေရန်ရည်ရွယ်၍ Knowledge Sharing အခမ်းအနားကို ယနေ့ နေ့လယ် မွန်းလွဲပိုင်းက  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစအချိန် (၁၉၄၈) ခုနှစ် ကတည်းကပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်မီကပင် UNCAC ပါ ပြဋ္ဌာန်းချက်များကို သေချာစွာ လေ့လာ၍ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ဝင်ရောက်ချိန်မှစ၍ UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ အတွေ့အကြုံများရှိပြီးဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်ရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် UNCAC ပါ ပြဋ္ဌာန်းချက်များကို သေချာစွာသိရှိနားလည်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်စပ်လျဉ်း၍ သိရှိနားလည်မှသာ မိမိနိုင်ငံ၏ စံနှုန်းများနှင့် နှိုင်းယှဉ်၍ ပြင်ဆင်သင့်သည့် အချက်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း ခိုင်လုံသည့် အချက်အလက်အထောက်အထားများကို အခြေခံရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးတင်ပြမည့် အချက်များနှင့် စပ်လျဉ်း၍ သေချာစွာလေ့လာမှတ်သားကြရန် လိုအပ်ကြောင်း  ပြောကြားခဲ့သည်။


    အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက UNCAC ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပါသည်။

  အခမ်းအနားသို့ ကော်မရှင် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊  အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးခွဲမှ အရာထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။



ဆက်စပ် သတင်းများ