အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

  • Wed, 26 July 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇူလိုင်လ  ၂၅

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ Hybird Format ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ 

        အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှစတင်၍ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption - UNCAC)တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို UNCAC ပါအချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရာ ၂၀၁၈ ခုနှစ်အထိ(၄) ကြိမ်တိုင် ပြင်ဆင်ခဲ့သော်လည်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေမှုများနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် ပြန်လည်စိစစ်သုံးသပ်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ် နေသောကြောင့် ကမ္ဘာ့နိုင်ငံများတွင်လည်း အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် တားဆီးကာကွယ်ရေး နှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဂတိလိုက်စားမှုနှင့်ဆက်စပ်ပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် ငွေကြေးဖောင်းပွမှုများလည်း ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍ အားလုံးတို့သည် အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုများကို သိရှိရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများအကြား အဂတိလိုက်စားမှုကို ရွံရှာမုန်းတီးပြီး တွန်းလှန်တိုက်ဖျက်လိုသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ရာတွင် စုံစမ်းစစ်ဆေးအရေးယူရုံဖြင့် မလုံလောက်ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးကဏ္ဍကိုလည်း တိုးမြှင့်ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူငယ်ကဏ္ဍ အသိပညာပေးခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့်ပူးပေါင်း၍ စီးပွားရေးကဏ္ဍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် (SDGs) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ အဂတိတရားကင်းရှင်းရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင် ၁၆.၅ တွင် ပုံစံအမျိုးမျိုးဖြင့် အကျင့်ပျက် ခြစားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အတော်အတန်လျှော့ချရေး ပါဝင်ပါကြောင်း၊ အဂတိ လိုက်စားမှုကို တိုက်ဖျက်ရာတွင် ကြိုတင်တားဆီးကာကွယ်ခြင်းသည်လည်း အရေးပါသည့်လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပါဝင်လာစေရန် သင့်လျော်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပေါ် အခြေခံ၍ ကွဲပြားပါကြောင်း၊ လာဘ်ပေး လာဘ်ယူမှုများမှ စတင်ခဲ့သည့် အဂတိလိုက်စားမှုသည် ခေတ်မီတိုးတက်လာသည်နှင့်အမျှ ပုံစံ အမျိုးမျိုးဖြစ်ပေါ်နိုင်ပြီး ကဏ္ဍတိုင်းတွင် လုပ်ပိုင်ခွင့်အာဏာရှိသူနှင့် ပေးသူ/ ယူသူ မည်သူမဆို ကျူးလွန်နိုင်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို အချိန်တိုအတွင်း အမြစ် ပြတ်အောင် တိုက်ထုတ်ရန်မဖြစ်နိုင်သော်လည်း တစ်ဖြည်းဖြည်း လျော့ကျသွားစေရန် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် ရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်ဖြစ်၍ ကဏ္ဍတိုင်းတွင် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment – CRA) များကို ဆောင်ရွက်ထားသင့်ပြီး ကဏ္ဍအလိုက် ကျင့်ဝတ် များချမှတ်၍ လိုက်နာကျင့်သုံးသင့်ပါကြောင်း၊ အဂတိလိုက်စားမှုသည် အတွင်းကစ လှိုက်စားနေသည့် အကျင့်ပျက်ခြစားမှုဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ၏ စွမ်းဆောင်ရည်ကျဆင်းလာပြီး နိုင်ငံ၏ဘဏ္ဍာငွေနှင့် သဘာဝအရင်းအမြစ်များ ခွဲဝေသုံးစွဲရာတွင် ထိရောက်မှုမရှိခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေပါကြောင်း၊

        ဌာနတွင်း အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးနေသည့် ကဏ္ဍများတွင် ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်း၍ ပြည်သူများ၏တုံ့ပြန်မှု၊ ပြန်ကြားချက်များကို ရယူ၍ ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြည်သူများပါဝင်စေသည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP) ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ CPU အဖွဲ့များသည် ဌာန အဖွဲ့အစည်းကိုယ်စားပြုပြီး မိမိတို့ဌာနအတွင်း၌ ဖြစ်ပေါ်နိုင်သည့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းသွားစေရန် တာဝန်ယူထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်က တာဝန်ယူကြရမည်ဟူသော ပင်ကိုယ်ဖြောင့်မတ်တည်ကြည်သောစိတ် ထားရှိရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ မူဝါဒများကို ခိုင်မာစွာချမှတ်၍ CPU ၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်သွားရန် အကြံပြုပြောကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူးက CPU အဖွဲ့များ၏လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ်-PFP အသုံးပြုမှုနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်ဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း


ဆက်စပ် သတင်းများ