နိုင်ငံအနာဂတ်တွင် အဂတိကင်းစင်ရေး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်

  • Mon, 10 July 2023

၁၀.၇.၂၀၂၃

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ဘဝများ သာယာဝပြောရေးတို့အတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းဟူသော နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

        အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပညာပေးရာတွင် လူငယ်များ စဉ်းစားတွေးခေါ်နိုင်စေရန်၊ စဉ်းစားတွေးခေါ်ရာတွင် လည်း မှန်ကန်စွာတွေးခေါ်ရန်၊ ကောင်းသောအပြုအမှုနှင့် မကောင်းသောအပြုအမှုတို့ကို ခွဲခြားနားလည်စေရန်တို့အတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကတည်းကပင် လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံနှင့်တကွ နိုင်ငံအတွင်းရှိ  လူ့အဖွဲ့အစည်း တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်နိုင်ရန် လွန်စွာအရေးကြီးကြောင်း လူငယ်များက ခိုင်မာစွာယုံကြည်ကြပြီး အဂတိလိုက်စားမှုကို ဆန့်ကျင်သောနိုင်ငံသားများ ဖြစ်လာစေရန်၊ မိမိအကျိုး၊ မိသားစုဆွေမျိုး မိတ်သင်္ဂဟများအကျိုးထက် နိုင်ငံနှင့်လူမျိုး၏ အကျိုး၊ အများအကျိုးကို ဦးစားပေးရန်တို့အတွက် မှန်ကန်စွာ စဉ်းစားတွေးခေါ်သူများ ဖြစ်စေရန် လေ့ကျင့်ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးမှုများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသည်။ 

        ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးရာတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အသိပညာရရှိရန်၊ အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုကို မှန်ကန်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရောင့်ရဲတင်းတိမ်သော စီးပွားရေးစနစ်အတွေးအခေါ်ကို လေ့လာနိုင်စေရန်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းမြင့်သော နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများ ထားရှိခြင်းဖြစ်ရာ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်သည်အထိ လူငယ်မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့်သင်ကြားပေးနိုင်သည်နှင့်အမျှ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုကင်းစင်သော လူ့ဘောင်ကို တည်ထောင်နိုင်မည်ဖြစ်သည်။ 

  အဂတိလိုက်စားမှုများသည် မမှန်ကန်သော အတွေးအခေါ်များကြောင့်ဖြစ်ပြီး ယင်းအတွေးအခေါ်များသည်လည်း လူမှုဘဝပတ်ဝန်းကျင် ဖြတ်သန်းမှုတွင် အသေးအဖွဲ အပြုအမှုလေးများမှ စတင်မြစ်ဖျားခံသည်ဟု ဆိုသည်။ တန်းစီရာတွင် ကြားဖြတ်ခြင်း၊ စာမေးပွဲတွင် စာခိုးချခြင်း၊ တားမြစ်ထားသည့် နေရာတွင် အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း စသည်တို့ကဲ့သို့သော ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သည့် အပြုအမှု၊ အလေ့အထများစွဲနေသူများသည် နောင်တွင်လည်း စဉ်းစားတွေးခေါ်မှု မမှန်ကန်သူများဖြစ်လာပြီး ကိုယ်ကျိုးရှာသူ၊ အများအကျိုးနှင့် သက်ဆိုင်သည့် အရာကို  ကိုယ်ကျိုးအတွက် အသုံးပြုသူ၊ အများအကျိုး၊ တိုင်းပြည်အကျိုးထက် ကိုယ့်အကျိုး ကိုယ့်မိသားစု၊ ဆွေမျိုးမိတ်သင်္ဂဟအကျိုးကိုသာ ကြည့်သူများဖြစ်လာသည်ဟု ဆိုသည်။

   မြန်မာနိုင်ငံသားအများစုတို့ ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ဗုဒ္ဓဘာသာတွင်လည်း ဖြောင့်မတ်ခြင်းကို အလေးအနက်ထား၍ “ဖြောင့်မတ်ခြင်း၊ ကောင်းစွာဖြောင့်မတ်ခြင်း”သည် လူသားတို့၏ ကောင်းမြတ်သော ဂုဏ်အရည်အချင်းတစ်ရပ်အဖြစ် ညွှန်ပြထားသည်။ ဖြောင့်မတ်သူသည် မမှန်ကန်သည့်အမှု၊ ကွေ့ကောက်လိမ်ပတ်သည့်အမှုတို့ကို မည်သည့်အချိန်၊ မည်သည့် နေရာတွင်မဆို မည်သည့် အကြောင်းနှင့်မျှ ပြုလုပ်မည်မဟုတ်ရာ မျိုးဆက်သစ်လူငယ်များအား ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် အဂတိကင်းစင်သော ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်ပါကြောင်း။ 

ဆက်စပ် သတင်းများ