မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

  • Sat, 1 July 2023

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး


နေပြည်တော်၊ ဇူလိုင်လ ၁ ရက်

    အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက်စေသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဖြစ်စဉ်များကို ထိခိုက်စေသဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ၂၉-၆-၂၀၂၃ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် ရှေ့နေချုပ် Mr. Igor Krasnov တို့က နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့် အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းကျင်းပရန်၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ ဥပဒေရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိလိုက်စားမှု ကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများပူးပေါင်းဖွင့်လှစ်ရန်၊ မျိုးဆက်သစ်လူငယ်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်” ရည်ရွယ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သံအမတ်ကြီးဦးလွင်ဦးတို့ တက်ရောက်ကြပါသည်။



    ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က “ယခုနှစ် ၂၀၂၃ ခုနှစ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ၇၅ နှစ်ပြည့်မြောက်သည့် စိန်ရတုနှစ်ဖြစ်သဖြင့် ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးကဲသည့်ကာလတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မှတ်တိုင်တစ်ခု ထူထောင်နိုင်ခြင်းပင်ဖြစ်သဖြင့် ဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်နိုင်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၏ အကြံဉာဏ်ကိုရယူဆောင်ရွက်လိုပါကြောင်း၊ ကော်မရှင်ရုံး ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units – CPUs) ဖွဲ့စည်းထားပြီး  အဆိုပါအဖွဲ့များသို့ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအဖွဲ့များကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး ရှေ့နေချုပ်ရုံး၏ အကူအညီဖြင့် ဆောင်ရွက်လိုပါကြောင်း၊ ကော်မရှင်က လုပ်ဆောင်နေသည့် ကျောင်းသားလူငယ် အသိပညာပေး အစီအစဉ်များ၊ လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်များတွင်လည်း နည်းပညာအကူအညီများကိုရယူလိုကြောင်း‌” ဆွေးနွေးခဲ့ပါသည်။



    ရှေ့နေချုပ် Mr. Igor Krasnov က ပြန်လည်ဆွေးနွေးရာတွင် “ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ရှေ့နေချုပ်ရုံးအနေဖြင့်လည်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းများက အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် International Youth Social Anti-Corruption Advertising Competition “Together Against Corruption” တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်လိုပါကြောင်း၊ ပုဂ္ဂလိကဏ္ဍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် လွန်စွာအရေးကြီးသဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “8th Eastern Economic Forum” တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ၏ ဆက်စပ်မှုကို ဆွေးနွေးသွားရန်ရှိပါသဖြင့် ကော်မရှင် ဥက္ကဋ္ဌကိုပါဝင်တက်ရောက် ဆွေးနွေးပေးပါရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဖိတ်ခေါ်၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများကို မိမိတို့ဘက်က သင်ကြားပေးလိုပါကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း" ပြန်လည်ဆွေးနွေးပါသည်။ 

ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်    ၃၀-၆-၂၀၂၃ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ University of Prosecutor’s Office သို့ ရောက်ရှိကာ တက္ကသိုလ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သင်ကြားပို့ချပေးခြင်းဆောင်ရွက်နေမှုများကို လေ့လာခဲ့ပြီး ပါမောက္ခချုပ် Mr. MATSKEVICH Igor Mikhailovach နှင့် သီးခြား တွေ့ဆုံခဲ့ပါသည်။ ထိုကဲ့သို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက “မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးအစီအစဉ်များ၊ ကျောင်းသားလူငယ် ပညာပေးအစီအစဉ်များနှင့် Edu-tainment အစီအစဉ်များကို ကျောင်းသား လူငယ်များအကြား အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် University of Prosecutor’s Office of the Russian Federation တက္ကသိုလ်နှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် နည်းပညာ အထောက်အကူပြု သင်တန်းများ ပံ့ပိုးပေးစေလိုပါကြောင်း" ဆွေးနွေးခဲ့ရာ ပါမောက္ခချုပ် Mr. MATSKEVICH Igor Mikhailovach က ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ နည်းပညာသင်တန်းများ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၁-၇-၂၀၂၃ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ