ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး(Edu-tainment)အစီအစဉ် အပေါ်ဆန်းစစ်အကဲဖြတ်မှု

  • Mon, 26 June 2023

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး(Edu-tainment)အစီအစဉ် အပေါ်ဆန်းစစ်အကဲဖြတ်မှု


အရေးကြီးလှသည့်ဖြောင့်မတ်တည်ကြည်မှု

၁။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရှင်းလင်းတိကျသော လုပ်ထုံးလုပ် နည်းများ၊ဉပဒေများ နှင့်ခိုင်မာအားကောင်းသော အစိုးရယန္တရားများ စီမံဆောင်ရွက် သော်လည်း ပြည်သူလူထု၌ဖြောင့်မတ်တည် ကြည်မှုဆိုင်ရာစံနူန်းများနှင့် ကိုယ့်ကျင့်တရား တန်ဖိုးထားမှုများ မရှိပါက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးသည် ထိရောက် အောင်မြင် မှုမရှိနိုင်ပါဟု Transparency International မှဖော်ပြထားပါသည်။။  အဂတိလိုက်စားမှု၏ ဆိုးကျိုး၊ ဖြောင့်မတ်တည်ကြည်မှု၏ အရေးပါပုံတို့ကို လက်ခံသော၊ လိုက်နာကျင့်သုံးသော လူ့အသိုက်အဝန်း ကို တည်ဆောက် ထားနိုင်ရေးမှာ အရေးကြီးလှသည်။ အဂတိလိုက်စားမှုကင်စင်ပြီး ဖြောင့်မတ်တည် ကြည်မှု၊ တာဝန်ယူတာဝန်ခံမှု ရှိသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးအတွက် လူငယ်ဘဝက တည်းက  မှန်ကန်သည့်ကျင့်ဝတ်နှင့်စံ တန်ဖိုးများကို သင်ကြားပေးရန်လိုအပ်ပါသည်။

လူငယ်များအားကျင့်ဝတ်ပျိုးထောင်ရေးနှင့်ပညာရေးကဏ္ဍ

၂။ ကောင်းမွန်သည့် လူ့အသိုက်အဝန်း တည်ဆောက် နိုင်ရေးအတွက် လူငယ်များအား ဖြောင့်မတ်တည်ကြည်မှု နှင့်ကျင့်ဝတ်များသင်ကြားရေးအတွက် သီးခြားရပ်တည်ဆောင် ရွက်ရန် မဖြစ်နိုင်ပါ။အဘယ်ကြောင့်ဆိုသော် ကလေးငယ်များ/လူငယ်များသည် ၎င်းတို့၏ တန်ဖိုးရှိလှ သောအချိန်များကို လေ့လာသင်ယူခြင်းနှင့်အခြားသော အကျိုးရှိသည့်activitiesများ ဆောင်ရွက် နေရပါသည်။  ကလေးငယ်/လူငယ်များ လေ့လာသင်ယူရာ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင် အထောက်အကူပေးသည့် ပညာရေးကို ပေါင်းကူးတံတား သဖွယ်အသုံးပြု၍ ပညာရေးမှတစ်ဆင့် ကျောင်းသားလူ ငယ်များ၏ ဖြောင့်မတ် တည်ကြည်မှု ဆိုင်ရာစံနူန်း၊တန်ဖိုးကို ငယ်စဉ်ကတည်းကပင် အခြေခံအုတ်မြစ်ချ ပေးခြင်းသည် ထိရောက်မှုရှိသည့် အကျိုးရလဒ်များရရှိနိုင်မည်ဖြစ်ပါသည်။

အကောင်အထည်ဖော်ဆောင်

၃။ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဖြစ်လာမည့်လူငယ်တို့သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးလှသောကြောင့် ဖြောင့်မတ်တည်ကြည်မှုကို ငယ်စဉ်ကပင် မျိုးစေ့ချပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီ အစဉ်(Edutainment)ကို ဖော်ဆောင်ခဲ့ပါသည်။

၄။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၁၆(ည)တွင် “အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်၍ သင်ကြားနိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး” ပါရှိပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅)ပါ မဟာဗျူဟာအစီအစဉ် (၁.၂)တွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်များ ဆောင်ရွက်ရန်” ဖော်ပြပါရှိသည်။ အဂတိ လိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် သည် မဟာဗျူဟာရေးဆွဲ၍ ချမှတ်ထားသည့် လုပ်ငန်း စဉ်များနှင့်အညီ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး နေပြည်တော်ပြည် ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များရှိ အခြေခံမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၌ ဖြောင့်မတ်တည် ကြည်မှုမြှင့် တင်ရေး ပညာပေးအစီအစဉ် ပြုလုပ်ပြီး ဖြောင့်မတ်တည်ကြည်မှု ပညာပေးသင်ခန်းစာများ (Integrity Education)အား သင်ကြားပို့ချ ပေးလျက်ရှိပါသည်။

ကိုးကားသည့်သင်ရိုး

၅။ ဤသို့ ကျောင်းသားလူငယ်များအား ဖြောင့်မတ်တည်ကြည်မှု ပညာရေး(Integrity education) သင်ကြားပို့ချနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  ဖြောင့်မတ်တည် ကြည်မှုမြှင့် တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ထုတ်ဝေခဲ့ပြီး စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ် ခဲ့ပါသည်။ ၎င်းသင်ရိုးညွှန်းတမ်းကိုပြုစုရာတွင် ထိုင်းနိုင်ငံရှိ အခြေခံအလယ်တန်းအဆင့်၌ သင်ကြားနေသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်းဘာသာရပ် သင်ရိုးကို မှီငြမ်းရေးဆွဲခဲ့ပါသည်။ အဆိုပါ ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်များမှ အရေးကြီးသည့် အကြောင်းအရာများကို ရွှေးချယ်ထုတ်နုတ်ကာ  ၂၀၂၂ခုနှစ် အောက်တိုဘာလမှစတင်၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နေပြည်တော်ပြည် ထောင်စု နယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များရှိ အခြေခံမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၌ ဖြောင့်မတ်တည် ကြည်မှုမြှင့် တင်ရေး ပညာပေးအစီအစဉ် ပြုလုပ်ပြီး ဖြောင့်မတ်တည်ကြည်မှု ပညာပေးသင်  ခန်းစာများ (Integrity Education)အား ကော်မရှင်မှ နည်းပြများက ကျောင်းများသို့သွားရောက် သင်ကြားပို့ချ ခဲ့ပါသည်။

စစ်တမ်းကောက်ယူ

၆။ ကော်မရှင်မှ သင်ကြားပို့ချနေသော ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရေးအစီအစဉ် တွင် ပါဝင်ကြသည့် အလယ်တန်း ကျောင်းသား/ သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းအုပ် ဆရာ/ ဆရာမကြီးများနှင့်မြို့နယ်ပညာရေးမှူး များ၏ အစီအစဉ်အပေါ် သဘောထားများ၊ သင်ကြားပို့ချမှု အပေါ်ကျောင်းသား/သူများ၏ နားလည် သဘောပေါက်မှုနှင့် သင်ကြားမှုအစီအစဉ် သည် သင်ယူကြ သည့် ကျောင်းသား၊ ကျောင်းသူတို့အတွက် အကျိုးရှိ/မရှိကို သိရှိနိုင်ရေးအတွက် စစ်တမ်း ကောက်ယူ ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ  ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နေပြည်တော် ပြည်ထောင်စုနယ်မြေ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊၊ တောင်ကြီးမြို့ ၊ မော်လ မြိုင်မြို့များရှိ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း(၂၀)မှ ပညာပေးအစီအစဉ်ကို တက်ရောက်ခဲ့သည့်ကျောင်း သား/ ကျောင်းသူ (၃၂၁၁) ဦး၊ ဆရာ/ဆရာမ (၁၆၇)ဦး၊ ကော်မရှင်မှ သွားရောက် သင်တန်းပို့ချသူ နည်းပြ  (၁၅)ဦးထံမှ စစ်တမ်း ကောက်ယူ ခဲ့ပါသည်။ 

စစ်တမ်းတွင်ပါဝင်သည့်အကြောင်းအရာများ

၇။ စစ်တမ်း ကောက်ယူရာတွင်cross- sessional study design နှင့်  convenience sampling  method  ကိုအသုံးပြုခဲ့ပါသည်။ စစ်တမ်းကောက်ယူရာတွင်  မေးခွန်းအား အပြည့်ဖြေဆို သူပေါင်း ကျောင်း သား/ ကျောင်းသူ (၅၄၅) ဦး၊ ဆရာ/ဆရာမ (၁၂၅)ဦး၊ ကော်မရှင်မှ သွားရောက် သင်တန်းပို့ချသူ နည်းပြ  (၁၅)ဦးရှိပါသည်။ ကောက်ယူရရှိသော စစ်တမ်းမှတစ်ဆင့် ဖြေဆိုသူတို့၏ နောက်ခံအချက်အလက်များကို အောက်ပါ အတိုင်း သိရှိရပါသည်။ စစ်တမ်းကောက်ယူခဲ့သည့် အလယ်တန်းနှင့် အထက်တန်းကျောင်းများမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ကျောင်း (၄) ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်း (၆) ကျောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ကျောင်း (၄) ကျောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကျောင်း (၂) ကျောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ကျောင်း (၄) ကျောင်းဖြစ်ပြီး စုစုပေါင်း ကျောင်း (၂၀) ကျောင်း ဖြစ်ပါသည်။

၈။ ရာခိုင်နှုန်းအားဖြင့် နေပြည်တော်ကောင်စီနယ်မြေမှ (၁၆%)၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂၁%)၊ မန္တလေးတိုင်းဒေသကြီးမှ(၁၈%)၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ(၁၂%)၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ(၃၃%) တွေ့ရှိရပါသည်။  ဖြေဆိုသူ အလယ်တန်းကျောင်းသား ၅၀% ၊ ကျောင်းသူ ၅၀%  ဦး ဖြစ်ပါ ကြောင်း၊ ၎င်းတို့၏ အသက်အရွယ်များမှာ (၁၁) နှစ်မှ (၁၈)နှစ် ကြားဖြစ်ပြီး ဖြေဆိုသူ၏ ပျှမ်းမျှအသက်မှာ (၁၄) နှစ် တို့ဖြစ်သည်။

၉။ စစ်တမ်းဖြေဆိုသူ ဆရာ/ ဆရာမပေါင်း (၁၂၅) ယောက်ရှိပြီး ဆရာဦးရေမှာ  (၆%) နှင့် ဆရာမဦးရေမှာ (၉၄%)ဖြစ်ပါကြောင်း၊ ပါဝင်ဖြေဆိုသူ ဆရာ/ဆရာမ(၈.၉%) သည် မူလတန်းပြ ၊  (၇၇%) သည် အလယ်တန်းပြ နှင့် (၁၄%)သည်အထက်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်ကြပါကြောင်း၊ ဖြေဆိုသူဆရာ/ ဆရာမများ၏ အသက်အရွယ်မှာ (၂၇) နှစ်မှ (၆၁) နှစ် အတွင်းရှိပါကြောင်း၊ လုပ်သက်အနေဖြင့် (၈) နှစ်မှ (၃၉) နှစ် အတွင်းရှိသည့် ဆရာ/ ဆရာမများမှ ဖြေဆိုထားကြောင်းတွေ့ရှိရပါသည်။ စစ်တမ်းတွင်ပါဝင်ဖြေဆိုသူ ကော်မရှင်မှ နည်းပြ (၁၅)ဦးရှိပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းဆောင်ရွက် သည့်လုပ်သက်အတွေ့အကြုံမှာ ပျဉ်းမျှ (၄)နှစ်ခန့်ရှိပါသည်။ 

၁၀။ စစ်တမ်းကောက်ယူမှုတွင် ကျောင်းသား/ကျောင်းသူများထံမှ အပိုင်း (၂) ပိုင်းကို အဓိကထား ကောက်ယူခဲ့ပြီး အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဖြောင့်မတ်တည်ကြည်မှုပညာရေး (Integrity Education) ၊ ကော်မရှင်မှပြုလုပ် သော ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edu-tainment အစီအစဉ် နှင့်ပတ်သက်သည့် ဖြေဆိုသူတို့၏ ဗဟုသုတများကို ဆန်းစစ်ခြင်း။

(ခ) ဖြောင့်မတ်တည်ကြည်မှုပညာရေး (Integrity Education) ၊ ကော်မရှင်မှ ပြုလုပ် သော ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edu-tainment အစီအစဉ် နှင့်ပတ်သက်သည့် ဖြေဆိုသူများ၏ သဘောထား၊ ပို့ချသော သင်ခန်းစာများ၏ အသုံးဝင်မှုများကို ဆန်းစစ်ခြင်း။

၁၁။ ဆရာ/ဆရာမများထံမှ  ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edu-tainment အစီအစဉ်အပေါ် ၎င်းတို့၏ သဘောထား၊ သင်ကြားပေးသည့် နည်းစနစ်အပေါ် ရှုမြင်ပုံတို့ကို သိရှိနိုင်စေရန်အတွက် မေးမြန်းခဲ့ပါသည်။ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edu-tainment အစီအစဉ်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သင်တန်းနည်းပြများ၏ သဘောထား၊  သင်ကြားမှု အတွေ့အကြုံ နှင့်အစီအစဉ်နှင့်ပတ်သက် သည့် အကြံဉာဏ်များကို ကောက်ယူခဲ့ပါသည်။

တွေ့ရှိချက် နှင့်သုံးသပ်ချက်

၁၂။ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်(Edutainment)နှစ်စပ်လျဉ်း၍ အောက်ပါ အချက် များ အား တွေ့ရှိရပါသည်။

(က) ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်ကို ဖြေဆိုသူကျောင်းသား၊ကျောင်းသူ (၉၃%)မှ နှစ်သက်သဘော ကျပါကြောင်း၊ ဆရာ၊ဆရာမ ( ၉၆.၈ %) မှလည်း အားရကျေနပ် သဘောကျ သည်ကိုတွေ့ရှိ ရသဖြင့် အစီအစဉ်သည်အောင်မြင်သော အစီအစဉ်ဖြစ်သည်ဟုသုံးသပ်ပါသည်။

(ခ) ကျောင်းသားလူငယ်များသည် အစီအစဉ်တွင်ပါဝင်နားထောင်၊ဆွေးနွေးချိန်တွင် ကိုယ်ကျင့်တရား ထိန်းသိမ်းရေး၏အရေးကြီးပုံ၊ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ရေး အတွက်ပြုပြင်ထိန်းသိမ်းရန် မိမိစိတ် တွင်ဖြစ်ပေါ်လာသည်ဟုဖြေဆိုသူမှာ (၉၈%)ရှိပါကြောင်း၊ ဆရာ/မအနေဖြင့်လည်း ၎င်းတို့၏ ကျောင်းသားလူ ငယ်များ ကိုယ်ကျင့်တရားထိန်းသိမ်းရေး ၊နိုင်ငံ့သားကောင်းဖြစ်လာစေရေးအတွက် အထောက်အကူပြု နိုင်ပါကြောင်းဖြေဆိုသူ(၉၀%)ဖြေဆိုသူရှိပါသည်။ ကျောင်းသားကျောင်းသူ (၉၆%)ကလည်း ၎င်းတို့၏ အခြားကျောင်းသင်ခန်းစာများနှင့် လှုပ်ရှားမှုများ (ဉပမာ- သာစီစာ ကုံးရေးသားခြင်း)အတွက်အထောက် အကူပြုပါကြောင်း ဖြေဆိုထားပါသည်။ထို့ပြင်အစီအစဉ်သည် ကျောင်းသား/ သူများအတွက် အကျိုးရှိသော အစီအစဉ်ဖြစ်ပါ ကြောင်းဖြေဆိုသူ ဆရာ/မစုစုပေါင်း (၉၈%)ရှိ သောကြောင့် ဤအစီအစဉ်သည် လူငယ်များအတွက် အကျိုးရှိသော အစီအစဉ် ဖြစ်ပါ ကြောင်းသုံးသပ်ပါသည်။

(ဂ) ဖြေဆိုသူများထံမှရရှိသောအချက်အလက်များအရ ကျောင်းသား/သူအနေဖြင့်  (ယခင်ကဖြောင့်  မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် မကြားဖူးသူ နှင့်အစီအစဉ်ကိုတစ်စိတ်တစ်ပိုင်း သာကြားဖူး သူ၊မဖြေဆိုလိုသူ) စုစုပေါင်း (၆၂%)၊ ဆရာ/မ အနေဖြင့်(မကြားဖူးသူ၊မဖြေဆိုလိုသူနှင့် တစ်စိတ်တစ်ပိုင်းကြားဖူးသူ နှင့် မဖြေဆိုလိုသူ) စုစုပေါင်း(၃၆ %) ရှိနေ သော ကြောင့် ယခုအစီအစဉ်ကို တိုးမြှင့်ပြီး တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးတွင် လုပ်ဆောင်သင့်ပါသည်။

(ဃ) အစီအစဉ်ကိုသိရှိရပုံနည်းလမ်းတွင်  မီဒီယာ၊ Website နှင့် facebookမှသိရှိ သည့်စုစုပေါင်း ရာခိုင်နူန်းသည် ဆရာ/မတို့၏ဖြေကြားချက်အရ (၅၁%)၊ကျောင်းသား/သူများ ဖြေကြား ချက်အရ(၄၅%) တွေ့ရှိရသဖြင့်  ကျောင်းသား/သူ၊ပြည်သူများထံသို့ရောက်ရှိရန် အတွက် မီဒီယာ၊ Website ၊ နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏facebookသည် အများပြည်သူတို့သိရှိနိုင်ရေး အတွက်  လွယ်ကူမြန် ဆန်သည့်နည်းလမ်းဖြစ်ကြောင်းသုံးသပ်ရပါသည်။

(င) သင်ကြားသည့် ကော်မရှင်မှနည်းပြများ၏ ကြုံတွေ့ရမှုနှင့်၊ ယူဆချက်အရ သင်ယူကြသည့် ကလေးများအားလုံးသည် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ လုံလောက်သော အသိပညာများကို သင်ကြားပို့ ချသည့်အကြိမ်အရေအတွက် အနည်းငယ်ဖြင့်မရရှိနိုင်သော်လည်း ၎င်းတို့အတွက်သိသင့်သည့် လူ့ကျင့်ဝတ် ဆိုင်ရာစံနူန်းတန်ဖိုးများ ရရှိသွားစေနိုင်သည်ဟုဖြေဆိုကြသောကြောင့် ယခုအစီအစဉ်သည် အရေးကြီး သည့် အစီအစဉ်ဖြစ်ပါကြောင်းသုံးသပ်ပါသည်။

(စ) ကော်မရှင်မှနည်းပြများ၏ သင်ကြားမှုအပေါ် အခြေခံပညာရေးကျောင်းမှ ဆရာ/မများ၏အကဲဖြတ် မှုအရ ဆရာ/မ(၉၄%)မှ အကောင်းမြင်သော တုံ့ပြန်မှု ပေးထားသောကြောင့် သင်ကြားရေးနှင်ပတ်သက်ပြီး အောင်မြင်မှုရရှိသည်ဟုဆိုနိုင်ပြီး ဆရာ/မ(၈၇%)မှာ ယခုသင်ကြားနေသော ကျောင်းသား ဗဟိုပြုပုံ စံ(Learner-Centred Approach) ကိုထောက်ခံကြပါသဖြင့် လာမည့်ပညာသင်နှစ်တွင် ကျင်းပပြုလုပ် မည့်အစီအစဉ်များ၌ ယခုနည်းလမ်းကိုဆက်လက်အသုံးပြုသင့်ပါသည်။

(ဆ) ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ၏ အကျိုးရှိထိရောက်မှုနှင့်စပ်လျဉ်း၍ အစီအစဉ်ကို ပြုလုပ်ကျင်းပသည့်အချိန်ကာလသည်တိုတောင်းသောကြောင့်  သင်ယူသူ လူငယ်(ကလေးငယ်)များ၏ ကိုယ်ကျင့်တရား၊ သဘောထားအမြင်များ (ရေရှည်) ပြောင်းလဲသွား/မသွား အားတိုင်းတာရန်ခက်ခဲပါသည်။ ၎င်းတို့၏ integrity education အပေါ်နားလည်မှု ၊သဘောပေါက်မှုသည် ကြာရှည်ခံ/မခံဆိုသည်မှာလည်း အာမမခံနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကြုံတွေ့ရသော ပတ်ဝန်းကျင်၊ မိဘ၊  ကိုးကွယ်ရာဘာသာတရားသည် ၎င်းတို့ခံယူသည့်လူမှုစံနှုန်းအပေါ် သက်ရောက်မှု ရှိပါသည်။ သို့သော် အစီအစဉ်၏ ရေတိုအကျိုးသက်ရောက်မှုအနေဖြင့် ၎င်းတို့၏ အစီအစဉ်အပေါ် နှစ်သက်၊ ကျေနပ် သဘောပေါက်သည့် positive responses ကို ရရှိခဲ့ပါသည်။

(ဇ) ယခုလာမည့် စာသင်နှစ်တွင် ကျောင်းများကိုကြိုတင်ချိတ်ဆက်ပြီး ကလေးများအတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာပြဇတ်တိုများ (၃၀မိနစ်ဇတ်လမ်းတို)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး Project များ၊ ကလေးများအားကြိုတင်ပြီး ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာစာစီစာကုံးများ ရေးသားစေကာ စင်ပေါ်သို့တက် ရောက်ပြောကြားစေ သင့်ပါသည်။ ယခုဖော်ပြ ပါနည်းလမ်းသည် ကလေးများအနေဖြင့် Integrity Education ကိုသင်ကြားရာတွင်ပျော်ရွှင်ပြီး စိတ်ဝင်စားစေနိုင်ပါသည်။ ယခုကဲ့သိုဆောင်ရွက်ရန် စိတ်ဝင်စားသည့် (စိတ်အားထက်သန်သော) ကျောင်းများ (ကျောင်းအားလုံးမဟုတ်ပါ)ကို ပြုလုပ်စေ သင့်ပါကြောင်း အကြံပြုပါသည်။ 

နိဂုံး

၁၃။ မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals) ကို ပြည့်မီရန်ဆောင်ရွက်လျက်ရှိရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်၏ (၁၆.၅) တွင်ပါရှိသော “Substantially reduce corruption and bribery  in all their forms” ကို ပြည့်မှီနိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၁၄။ ထို့ပြင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင်ကျရောက်သော အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနား၌ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှအဂတိလိုက်စားမှုကျုးလွန်ခြင်းကို လျော့နည်းပပျောက်ရေး အတွက် မူဝါဒနှင့်ဉပဒေမူဘောင် ခိုင်မာရေး၊လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူ ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဉပဒေကြောင်းအရ သာမက ကောင်းမွန်သော ကိုယ်ကျင့်တရားထွန်းကားရေးအတွက်ပါဆောင်ရွက်ရန်လိုပါကြောင်းပြောကြားခဲ့ပါသည်။  ကော်မရှင်အနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များတွင် ကိုယ်ကျင့်တရားအခြေခံအုတ်မြစ်ချမှတ် ပျိုးထောင်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ ဆောင်ရွက်လျက် ရှိပြီး အောင်မြင်မှုများကိုလည်း တွေ့ရှိရပါသည်။ ယခုဆောင်ရွက်ပြီးသည့် အစီအစဉ် များတွင် ပါဝင်ခဲ့သော ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများနှင့် နည်းပြများထံမှ ကောက်ယူ ရရှိသည့် အချက်အလက်များကို အကဲဖြတ်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး ပညာပေး အစီအစဉ်ကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်းဖြင့် နိုင်ငံတော်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါသည်။ 

ဆက်စပ် သတင်းများ