Liability of Legal Persons အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  • Wed, 21 June 2023

Liability of Legal Persons အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ ဇွန်လ ၂၀ ရက်

မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ၏ တရားဝင်ဥပဒေအရ တာဝန်ရှိမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Workshop on Liability of Legal Person)သို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ online မှတစ်ဆင့်ပါဝင် တက်ရောက်ခဲ့ရာ အစည်းအဝေး ပထမနေ့၊ ၂၀-၆-၂၀၂၃ ရက်နေ့တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ ကျွမ်းကျင်ပညာရှင်၊ မလေးရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က မလေးရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ပုဒ်မ ၁၇ (က)တွင် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ(LLP) နှင့်စပ်လျဉ်း၍ အကျုံးဝင်သည့် အဖွဲ့အစည်းများ၊ လမ်းညွှန်ချက်နှင့်တာဝန်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ လမ်းညွှန်ချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ၏ တာဝန်ယူ၊ တာဝန်ခံမှုနှင့်စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ ဦးတည်ချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံရပ်ခြား လာဘ်ပေးလာဘ်ယူမှုများ၊ အများပြည်သူ အကျိုးထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးတို့အပေါ် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

    အစည်းအဝေး ဒုတိယနေ့၊ ၂၁-၆-၂၀၂၃ ရက်နေ့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းမှ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေး ကျွမ်းကျင်ပညာရှင် Ms. Corinna de Vathaire de guerchy က  လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များအပေါ် သုံးသပ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာန မှ Mr. Gerald M. Mood Jr က Foreign Corrupt Practices Act ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပါသည်။


ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက် မရှိသေးပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် သီးခြားထည့်သွင်းနိုင်ရေးအတွက် လက်ရှိဥပ‌ဒေအား ပြန်လည်သုံးသပ်ရာတွင် ဖြည့်စွက်နိုင်ပါကြောင်း၊ မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးချက်များသည် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ဖိတ်ခေါ်လျက်ရှိပြီး နည်းပညာအကူအညီများကိုလည်း ရယူဆောင်ရွက်လိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ