(၁၄) ကြိမ်မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  • Sat, 17 June 2023

(၁၄) ကြိမ်မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ ဇွန်လ ၁၆ ရက်

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ Online ဖြင့်တက်ရောက်သည်။

    ဇွန် ၁၃ ရက်က ကျင်းပသည့် အစည်းအဝေး ဒုတိယနေ့ သက်ဆိုင်ရာနိုင်ငံအလိုက် ဆွေးနွေးတင်ပြမှုအစီအစဉ်တွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံအနေဖြင့်    ကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အကြံပြုချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥ ပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း၏ အနှစ်ချုပ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

    ဇွန်လ ၁၄ ရက်က ကျင်းပသည့် အစည်းအဝေးတတိယနေ့တွင် ကော်မရှင်ဥက္ကဋ္ဌမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်မှုများနှင့် အလေ့အကျင့်ကောင်းများ ခေါင်းစဉ်အောက်မှ ပါဝင်ဆွေးနွေးခဲ့ရာတွင်  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ကော်မရှင်ရုံး အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲ၍ အဆိုပါစီမံချက်အပေါ် နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

    ဇွန် ၁၅ ရက်က ကျင်းပသည့် အစည်းအဝေးစတုတ္ထနေ့တွင်  ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီအချိန်တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက် မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

    အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ မျှဝေရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးတွင် စာရင်းစစ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍခိုင်မာအားကောင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းလမ်းများ၊ မူဝါဒများ၏ အကျိုးသက်ရောက်မှု၊ ထိရောက်မှုတို့အပေါ် အကဲဖြတ်ဆန်းစစ်ရေး၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးသို့ ကော်မရှင်ဉက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် များဖြစ်ကြသော ဦးသန်းစိုး၊ ဦးမောင်မောင်တင့်၊ ဦးဝင်းတည် နှင့် ဒေါက်တာထွန်းထွန်းဦးတို့က Online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပြီး ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သည့် ကိုယ်စားလှယ် ၂ ဦး တို့က အစည်းအဝေးခန်းမအတွင်း ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။


ရည်ညွှန်း ==> မြန်မာ့အလင်းသတင်းစာ

ဆက်စပ် သတင်းများ