(၁၄) ကြိမ်မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  • Fri, 16 June 2023

(၁၄) ကြိမ်မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ ဇွန်လ ၁၆ ရက်

    ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစိုးရဌာနဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ Online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ရာ အစည်းအဝေးဒုတိယနေ့ဖြစ်သည့် ၁၃-၆-၂၀၂၃ ရက်နေ့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဆွေးနွေးတင်ပြမှုအစီအစဉ်တွင် ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်က Online မှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ 


    ထိုကဲ့သို့ဆွေးနွေးရာတွင် “မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပါကြောင်း၊ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ ကွန်ဗင်းရှင်းနှင့်ဆက်စပ်သည့် အစည်းအဝေးများသို့လည်း ပါဝင်တက်ရောက်လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အကြံပြုချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း၏ အနှစ်ချုပ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးခဲ့ပါသည်။

    အစည်းအဝေးတတိယနေ့၊ ၁၄-၆-၂၀၂၃ ရက်နေ့တွင်လည်း ကော်မရှင်ဥက္ကဋ္ဌမှ “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်မှုများနှင့် အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်အောက်မှ ပါဝင်ဆွေးနွေးခဲ့ရာတွင် “ကော်မရှင်အနေဖြင့် ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေမူဘောင်များ ချမှတ်၍ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် အများပြည်သူသို့ အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ကော်မရှင်ရုံး အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲ၍ အဆိုပါစီမံချက် အပေါ် နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးခဲ့ပါသည်။

    အစည်းအဝေးစတုတ္ထနေ့၊ ၁၅-၆-၂၀၂၃ ရက်နေ့တွင် ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေမူဘောင်ခိုင်မာရေးကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ခဲ့ပြီး တားဆီးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များ၊ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာခင်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက် မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးခဲ့ပါသည်။

    အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ မျှဝေရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် စာရင်းစစ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ခိုင်မာအားကောင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းလမ်းများ၊ မူဝါဒများ၏ အကျိုးသက်ရောက်မှု၊ ထိရောက်မှုတို့အပေါ် အကဲဖြတ်ဆန်းစစ်ရေး၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပါသည်။ 


    အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းစိုး၊ ဦးမောင်မောင်တင့်၊ ဦးဝင်းတည်နှင့် ဒေါက်တာထွန်းထွန်းဦးတို့က Online မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပြီး ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သည့် ကိုယ်စားလှယ် ၂ ဦး တို့က အစည်းအဝေးခန်းမအတွင်း ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ကြပါသည်။




ဆက်စပ် သတင်းများ