အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်၊ (ASEAN-PAC) နားလည်မှုစာချွန်လွှာ/ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission-ACC) နှင့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
- Tue, 22 November 2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ၂၂-၁၁-၂၀၂၂ ရက်နေ့တွင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ ဖနွမ်းပင်မြို့၊ Hyatt Regency Phnom Penh ဟိုတယ်၌ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဒုတိယဥက္ကဋ္ဌ H.E YONN SINAT ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆမ်က ကြိုဆိုနှုတ်ခွန်းဆက်စကားအား ဖတ်ကြားပြီး ASEAN-PAC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ အပါအဝင် ကိုယ်စားလှယ်များ စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU) ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။ ထို့နောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ (Memorandum of Understanding -MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အကူပြု ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးခိုင်မာ အားကောင်းစွာ တည်ဆောက်ထားနိုင်ပြီး ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို အပြန်အလှန်မျှဝေခြင်းဖြင့် ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။