အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပွဲ နှင့် Developing Code of Conduct on Business Integrity ဆွေးနွေးပွဲပြုလုပ်
- Mon, 2 July 2018
 
				
				
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ပူးပေါင်းပြီး အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် လက်မှတ်ရေးထိုးပွဲနှင့် Developing Code of Conduct on Business Integrity ဆွေးနွေးပွဲကို ၂-၇-၂၀၁၈ ရက်နေ့ (၁၀၀၀)အချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ACC ဥက္ကဋ္ဌ ဦးအောင်ကြည်မှ “အဂတိလိုက်စားမှုတားကာကွယ်ရေးနှင့် ကျင့်ဝတ်ရေးဆွဲရေး” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တားဆီး ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပူးပေါင်းပါဝင် ဆောင်ရွက်သင့် သည့် အချက်များနှင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေး ဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲလိုက်နာကျင့်သုံးရေးတို့ကို တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ UMFCCI အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်မှ “Developing Code of Conduct on Business Integrity” ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ ကျင့်ဝတ်ရေးဆွဲရေး၊ ကျင့်ဝတ်ကော်မတီများဖွဲ့စည်းရေး၊ မိမိတို့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုများကို ကိုယ်တိုင်လေ့လာဆန်းစစ်ရေးတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက မရှင်းလင်းသည့် အချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြေညာစာတမ်း”ကို UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ACC ဥက္ကဋ္ဌ ဦးအောင်ကြည်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲနှင့် ဟောပြောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။


/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)


/1-80x80.jpg)

/1-80x80.jpg)

