Computer Forensics and Digital Evidence အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
- Wed, 25 April 2018
မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏ နည်းပညာအကူအညီဖြင့် Computer Forensics and Digital Evidence အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲချိန်တွင် Kempinski ဟိုတယ်၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်သည် တက်ရောက်၍ အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ယခုအချိန်သည် စနစ်တစ်ခုသဖွယ် ပျံ့နှံ့ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုကို စနစ်တကျ တိုက်ဖျက်နိုင်ရန်အတွက် ပြင်ဆင်နေသည့်အချိန်ဖြစ်ကြောင်း၊ ထိုအချိန်၌ လိုအပ်သောအသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးရာတွင် ကွန်ပျူတာ အသုံးပြုမူခင်းများ စုံစမ်းစစ်ဆေးခြင်းနှင့် အီလက်ထရောနစ်သက်သေခံ အထောက်အထားများ အသုံးပြုခြင်း နည်းပညာသည် အနာဂတ်ကာလမူခင်းများ စုံစမ်းစစ်ဆေးရာတွင် မရှိမဖြစ်အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်းတို့ကြောင့် ဝန်ထမ်းများ ကျွမ်းကျင်မှုရှိအောင် ကြိုးစားပြီး သင်ယူစေလိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး (UNODC) မှ Country Manager ဖြစ်သူ Mr. Troels Vester က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာသင်တန်း သင်ရိုးညွှန်းတမ်း အုပ်စုလိုက် စာအုပ်(၃)မျိုးနှင့် သင်တန်း လိုအပ်ချက်များ သုံးသပ်တင်ပြသည့် အစီရင်ခံစာ(၁)အုပ်(မြန်မာ+အင်္ဂလိပ်)တို့ကို ကော်မရှင်ဥက္ကဋ္ဌထံ ပေးအပ်သည်။ ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝန်ထမ်းများအား လက်တွေ့ ဆွေးနွေးပို့ချနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်း ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။


/1-80x80.jpg)

/1-80x80.jpg)






