အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ
- Thu, 5 November 2026
နေပြည်တော်၊ နိုဝင်ဘာ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကိုလက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကိုတည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” ၊ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၅-၁၁-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ထူးမြတ်အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမာဓိ ကိုယ်ပိုင်း အထက်တန်းကျောင်းတို့တွင် ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းများတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှု၏ အဓိပ္ပါယ်၊ သဘောသဘာဝနှင့် ဆိုးကျိုးသက်ရောက်မှုများ စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြား ခဲ့ပါသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး) နှင့် ကော်မရှင်ရုံးခွဲ (မော်လမြိုင်)တို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၉) ဦး တက်ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ထူးမြတ်အိမ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ထူးမြတ်အိမ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း

အခမ်းအနားတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သမာဓိ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း











