စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
- Thu, 8 October 2026
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ အောက်တိုဘာ ၈ ရက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး CPU အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၃၁၆)ဦး တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးကိုလေး က အဖွင့်အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို လက်ခံကျင်းပခြင်းအားဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် အဂတိလိုက်စားမှု ဖြစ်မြောက်စေနိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှု ဖြစ်မြောက်စေနိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲ ချမ်းသာကွာဟမှုများလည်း ဖြစ်ပေါ်စေနိုင်ပြီး ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေခြင်းတို့ ဖြစ်ပေါ်လာစေနိုင်ပါကြောင်း၊ အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဆိုတာ မိမိအာဏာ၊ ရာထူး သို့မဟုတ် တာဝန်ကို မသင့်လျော်စွာ အသုံးပြု၍ ကိုယ်ကျိုးအတွက် အကျိုးအမြတ်ရယူခြင်း သို့မဟုတ် အခြားသူများအား မသင့်လျော်သော အကျိုးအမြတ်ရရှိစေရန် ဆောင်ရွက်ပေးခြင်းတို့ကို ဆိုလိုပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်” ဆိုတဲ့ စကားနဲ့အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင် တားဆီးကာကွယ်ရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပြီး ပင်ကိုယ်သဘော သဘာဝအရ အကျင့်စာရိတ္တ ပျက်ပြားခြင်း ဖြစ်သည့်အပြင် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ အပေါင်းအဖော်ကောင်းစားရေးနှင့် ဆွေမျိုးကောင်းစားရေးဝါဒများ ကျင့်သုံးခြင်း အထိ ပါဝင်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ပုံဖော်ရာမှာ နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုနှင့် အများပြည်သူ၏ ယုံကြည်မှုကို တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများ ကင်းပြီး စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြမှသာလျှင် ပြည်သူများ၏ ယုံကြည်မှုကိုရရှိမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိ ဝန်ထမ်းများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အဂတိလိုက်စာမှုတိုက်ဖျက်ရေး ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့် အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးက ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း

အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း











