စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Mon, 28 September 2026

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ စက်တင်ဘာ ၂၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း တို့ တက်ရောက်အမှာစကားပြောကြားသည်။

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်ရေးစနစ်ထိရောက်မှုနှင့် ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်မှုတို့ကို ထိခိုက်စေနိုင်သော အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသည် လူတိုင်းလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါ ကြောင်း၊ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 


ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး   တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးပျံ့နှံ့စေရန် တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်း များ လက်ဆင့်ကမ်း သင်ကြားပြသပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာဗဟုသုတများကို ထပ်ဆင့်မျှဝေပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိဝန်ထမ်းများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး ခေါင်းဆောင်၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင် ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များ ဖြစ်ကြသော ဦးမင်းမင်း၊ ဦးဝင်းမြင့်ခိုင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်း (၆၀၀) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အွန်လိုင်းဖြင့်တက်ရောက်သူ အရာထမ်း၊ အမှုထမ်း (၁၀၀) ဦး၊ စုစုပေါင်း (၇၀၀) ဦးနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ