ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ပဲနွယ်ကုန်းရွာမအုပ်စု ကွင်းတာဝန်ခံ မြေတိုင်း(၄) ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှု

  • Fri, 8 September 2017

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနေ နစ်နာသူက ၎င်းတို့ပိုင်ဆိုင်သည့် လယ်များကို သား/သမီးများအား လုပ်ကိုင်စားသောက်ရန် ခွဲဝေ ပေးရာတွင် ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကွင်း တာဝန်ခံ ကိုမောင်မောင်သည် လယ်ယာမြေစာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပြောင်းခြင်းတို့အတွက် ငွေကြေးတောင်းခံနေခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ပဲနွယ်ကုန်းရွာမအုပ်စု ကွင်းတာဝန်ခံ မြေတိုင်း(၄) ဦးလပြည့်ဝန်း (ခ) ဦးမောင်မောင်သည် လယ်မြေ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ပြုလုပ်ရန် လာရောက်သူများထံမှ ၂၀၁၄ ခုနှစ်၊ မေလခန့်မှစ၍ ၃၀-၅-၂၀၁၇ ရက်နေ့အထိ စုစုပေါင်း (၆)ကြိမ် ငွေကျပ် ၁,၁၂၅,၀၀ဝိ/-(ကျပ်တစ်ဆယ့်တစ်သိန်းနှစ်သောင်း ငါးထောင်တိတိ) တောင်းခံခြင်းနှင့် လက်ခံရယူခဲ့ခြင်းသည် ၎င်း၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တွင် အရေးယူဆောင်ရွက်ခဲ့ရာ ၎င်းသည် ထွက်ပြေးတိမ်းရှောင် နေသဖြင့် ၈-၉-၂၀၁၇ရက်နေ့၌ ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ