သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Fri, 11 September 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက အဖွင့်အမှာစကား ပြောကြားခြင်း


နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်

          သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာသောင်းနိုင်ဦး၊  ဦးခင်လတ်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

         ဦးစွာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု ဆိုးကျိုးများ သိရှိနားလည်စေရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများအပေါ် ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိ၍ ကျောသား၊ ရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်သွားကြရန်နှင့် အဂတိလိုက်စားမှု ပေါ်ပေါက်မှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ်ရမှာ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှု ပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းသော လုပ်ငန်းခွင် ယဉ်ကျေးမှု (Zero Tolerance Culture) တစ်ရပ် ပေါ်ပေါက်လာစေရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

          ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု ဆိုသည်မှာ လာဘ်ပေး လာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် ပင်ကိုယ် သဘောသဘာဝအရ အကျင့်စာရိတ္တ ပျက်ပြားခြင်း ဖြစ်သည့်အပြင် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ဆရာမွေး၊ တပည့်မွေးခြင်း၊ အပေါင်းအဖော် ကောင်းစားရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုး ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းများ အထိ ပါဝင်ပါကြောင်း၊ ကော်မရှင်၏ မဟာဗျူဟာ စီမံချက် (၂၀၂၆-၂၀၃၀) လုပ်ငန်း အစီအစဉ်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး အစီအစဉ်များကို တစ်နိုင်ငံလုံး ပြန့်နှံ့စေရန် တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သာမက စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံး ပိုမိုနားလည် သဘောပေါက်စေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို သတင်းမီဒီယာများမှ အသံ၊ အရုပ်ပုံစံ အမျိုးမျိုးတို့ဖြင့် ရှင်းလင်းဖော်ပြခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေစာအုပ်များ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး  ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

          ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ခေါင်းဆောင်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနား တက်ရောက်လာသူ တစ်ဦးက သိရှိလိုသည်များအား မေးမြန်းခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီက သိရှိလိုသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ