အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များနှင့် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

  • Fri, 28 August 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များနှင့် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာအုပ်/စာစောင်များ လွှဲပြောင်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ဩဂုတ် ၂၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များ နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးများ၊  ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင်   စုစုပေါင်း (  ၆၅ ) ဦး တက်ရောက်ခဲ့ကြသည်။


    ပထမဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များ နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရန် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာတည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်နှင့် စဉ်းစားတွေးခေါ်မှုတွေကို ငယ်စဉ်ကတည်းက စွဲမြဲစွာ ပြုမူနေထိုင် နိုင်စေရန် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုသို့လေ့ကျင့်ပျိုးထောင်ရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနေရာမှာ စာသင်ကျောင်းများသာဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ပညာရေးကဏ္ဍမှာ လေ့လာကိုးကားနိုင်ရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ၊ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း ဘာသာရပ်သင်ရိုး ညွှန်းတမ်းများနှင့် UNODC (United Nations Office on Drugs and Crime) ၏ E4J (Education for Justice) မှ ပြုစုထားသည့် Module များကို တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များအဖြစ် ပြုစုထုတ်ဝေ ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆(ည)နှင့်အညီ မူလတန်း အဆင့်မှစ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများ ထည့်သွင်း သင်ကြားနိုင်ရန် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး ဆရာကိုင်စာအုပ်များနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ တက္ကသိုလ်အဆင့်ရည်ညွှန်း စာစောင်များကို ပညာရေးဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ကို လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ယခုတစ်ကြိမ် အောက်ခြေအခြေခံကျောင်းများအထိ ဖြန့်ဝေနိုင်ရန် ထပ်မံလွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိခေတ် စနစ်အရ ကျောင်းသား၊ ကျောင်းသူများသည်  စာတစ်မျိုးတည်း တော်နေလို့ မရပါကြောင်း၊ ယနေ့ခေတ်သည် ယှဉ်ပြိုင်မှု၊ ရုန်းကန်းရမှု၊ စိန်ခေါ်မှုများ အင်မတန်များပြား လာသည့်အတွက် လူငယ်များကို စိတ်ဓာတ်ကြံ့ခိုင်ရန်၊  အကျင့်စာရိတ္တ ကောင်းမွန်ရန်၊ စိတ်နေစိတ်ထား မှန်ကန်ရေး တို့အတွက် သွန်သင်ပေးရန် အရေးကြီးပါကြောင်း၊  ဘာသာရပ်များနည်းတူ စာရိတ္တ နှင့် ပြည်သူ့ နီတိ သင်ခန်းစာများကို အလေးအနက်ထား သင်ကြားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ရာ၌ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုသည် အင်မတန် အရေးပါပြီး ကော်မရှင်၏ မိတ်ဖက်အဖွဲ့အစည်းလည်း ဖြစ်ပါကြောင်း၊ လူငယ်အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ကော်မရှင်မှ ပြုစုထားသည့် သင်ခန်းစာများကို သင်ရိုးညွှန်းတမ်းများတွင် လိုအပ်သလိုဖြည့်စွက် ထည့်သွင်းရေးဆွဲသင်ကြား ဆွေးနွေးပေးနိုင်ပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ထံသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်စာအုပ်များ နှင့် တက္ကသိုလ် အဆင့်ရည်ညွှန်းစာစောင်များ စုစုပေါင်း (၆၇၆၅၀) အုပ်အား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ကော်မရှင် ဉက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

    ၎င်းနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာအုပ်/စာစောင်များ လွှဲပြောင်းပေးအပ်ခြင်း


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ကျေးဇူးတင်စကားပြောကြားခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း



ဆက်စပ် သတင်းများ