အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံ ခုံအဖွဲ့ရုံး၌ကျင်းပ

  • Mon, 17 August 2026

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား  နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံ ခုံအဖွဲ့ရုံး၌ကျင်းပ


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



နေပြည်တော်၊ ဩဂုတ် ၁၇ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံ ခုံအဖွဲ့ရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ အပါအဝင်(၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊  အဂတိလိုက်စားမှု အကျင့်စရိုက်သည် လူ့အဖွဲ့အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သော ကပ်ရောဂါတစ်ခု ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အလွယ်တကူ ဖောက်ဖျက်ကျူးလွန်နေခြင်းများကို သတိပြု ရှောင်ကြဉ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှု မြင့်မားပါက ဆင်းရဲနွမ်းပါးမှု ပိုမိုမြင့်မားလာမည်ဖြစ်၍ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာရန်လိုကြောင်း၊ ပြည်သူတစ်ဦးချင်းစီမှစ၍ အဖွဲ့အစည်းများ အားလုံးက ထိန်းသိမ်းလိုက်နာကြရန်လိုပြီး “အဂတိပယ်ခွာ ပြည်သာယာ” ဖို့ အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ယင်းနောက် နိုငံတော် သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်ဦး က အမှာစကားပြောကြားရာ၌ အခွန်အယူခံခုံအဖွဲ့သည် ၁၉၅၄ ခုနှစ်မှ ယခုအချိန်အထိ အစိုးရအဆက်ဆက် အခွန်အယူခံခြင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်နေရသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြခံဥပဒေအရ ၂၀၁၈ ခုနှစ်တွင် အခွန်အယူခံခုံအဖွဲ့  ဥပဒေပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းပေးထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ အဖွဲ့၏ ဆောင်ပုဒ်မှာ “ယုံကြည်၊ မျှတ၊ မှန်ကန် အခွန်အယူခံ” ဖြစ်ပါကြောင်း၊ အယူခံဝင်လိုသူ၊ အခွန်ထမ်း သို့မဟုတ် ပြည်သူလူထုနှင့် တွေ့ထိဆက်ဆံရသည့် အဖွဲ့လည်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆောင်ပုဒ်နှင့်အညီ ရိုးသားကြိုးစားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် အဂတိလိုက်စားမှု ကင်းပြီး စိတ်ထားဖြူစင်ကာ လူ့ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်ဖြင့် ကျရာတာဝန်ကို ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ တရားမျှတမှု၊ ဘက်လိုက်ခွဲခြား ဆက်ဆံခြင်းကင်းမှု၊ အငြိုးအတေးထား မုန်းတီးခြင်းကင်းမှု အစရှိသော ကောင်းမွန်သည့် အလေ့အထများရှိမှသာလျှင် ပြည်သူတို့၏ ယုံကြည်မှု မဆုံးရှုံးမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ “သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး”ကို အထောက်အကူပြုရန် ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတား ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အသေးစား အဂတိလိုက်စားမှုပင် မရှိဘဲ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အရည်အသွေးပြည့်မီ တိုးတက်ကောင်းမွန်စေရန်  အကောင်အထည်ဖော်နေရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသောနည်းဖြင့် ခိုးယူနေခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စရပ်များကို လေးလေးနက်နက် နားလည်စေချင်သောကြောင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများမှတစ်ဆင့် အသိပညာ ဗဟုသုတများ ရကြစေရန် ရည်ရွယ်ပြီး အခမ်းအနား ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း ခေါင်းဆောင်၍ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံ ခုံအဖွဲ့ရုံးမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး က အမှာစကားပြောကြားခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှု ကြေညာလွှာ စိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး က သိရှိလိုသည်များအား မေးမြန်းခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း က သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ