အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်း ဖွင့်လှစ်ပွဲကျင်းပ

  • Mon, 3 August 2026

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်း ဖွင့်လှစ်ပွဲကျင်းပ


သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က သင်တန်းဖွင့် အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဩဂုတ် ၃ ရက်

        အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၄) ဦး တက်ရောက်ခဲ့ကြသည်။

        သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သည့် သင်တန်းသည် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် ရုံးလုပ်ငန်းအတွေ့အကြုံရှိပြီး ဖြစ်သော်လည်း ရုံးလုပ်ငန်းမှာ ကျယ်ဝန်းသည့်အတွက်  သေချာစွာ လေ့လာရန်လိုကြောင်း၊ သင်တန်း၌ Budget ရေးဆွဲနည်းနှင့် ကော်မရှင်၏ အဓိက လုပ်ငန်းများဖြစ်သည့် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေး ဘာသာရပ်များနှင့် စပ်လျဉ်း၍ သင်ကြားပို့ချမည်ဖြစ်ကာ သိရှိဆောင်ရွက်နိုင်ရန် လေ့လာထားသင့်ကြောင်း၊ ရုံးစာများ ရေးသားရာတွင် ရုံးလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ရေးသားကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စာရင်းစစ် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများမှ ဘာသာရပ် ကျွမ်းကျင်သူများက လာရောက်ပို့ချမည်ဖြစ်၍ တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းကောင်းဖြစ်ရန် အဆင့်ဆင့် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး ဖြောင့်မတ်တည်ကြည်သည့် ဝန်ထမ်းများဖြစ်မှသာ အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ကို တည်ထောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်း “အလုပ်ခွင်ပျော်၍ လုပ်ငန်းတော်ရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းတွင် ထူးချွန်ထက်မြက်ပြီး အရည်အသွေး ပြည့်ဝသည့် ဌာနမှ အားကိုးရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

        ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းကို ဇူလိုင်လ (၃) ရက်မှ (၂၈) ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားမှတ်တမ်းဓာတ်ပုံများ


သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခြင်း


သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း


ဆက်စပ် သတင်းများ