စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Mon, 10 August 2026

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖွင့်အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော်၊ ဩဂုတ် (၇)


        စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော်၊ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က အဖွင့်အမှာစကား ပြောကြားရာတွင်  ယနေ့အခမ်းအနားသည် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့ ပူးပေါင်းကျင်းပသည့် အရေးပါသော အသိပညာပေးအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာမျှဝေခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်းနှင့် ဥပဒေဆိုင်ရာ သိမြင်နားလည်မှုများ တိုးမြှင့်ပေးခြင်းသည် ဝန်ထမ်းများ၏ ကျင့်ဝတ်စံနှုန်း မြင့်မားလာစေရေး၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု ပိုမိုခိုင်မာလာစေရေးအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းတာရာ၌ စီးပွားရေးတိုးတက်မှုတစ်ခုတည်းကိုသာ မကြည့်ဘဲ ဥပဒေစိုးမိုးမှု (Rule of Law)၊ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance)၊ ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု (Accountability)၊ ဖြောင့်မတ်တည်ကြည်မှု (Integrity) တို့ကိုလည်း အရေးကြီးသော အခြေခံစံနှုန်းများအဖြစ် သတ်မှတ်လာကြောင်း၊ အဆိုပါစံနှုန်းများ ခိုင်မာအားကောင်းမှသာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ဥပဒေစိုးမိုးရေးကိစ္စတစ်ရပ်သာမက နိုင်ငံ တည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားရေးတာဝန်တစ်ရပ်လည်းဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုသည် “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” ဟုသာ ဆိုလိုခြင်းမဟုတ်ဘဲ အများပြည်သူ ၏ အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေး၍ လုပ်ပိုင်ခွင့်အာဏာကို မသင့်လျော်စွာ အသုံးချခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့သော အပြုအမူများသည် ဥပဒေနှင့် ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြစ်သကဲ့သို့ အများပြည်သူ၏ ယုံကြည်မှုကိုလည်း ထိခိုက်စေကြောင်း၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများသည် ငွေကြေးဆုံးရှုံးမှုတစ်ခုတည်းဖြင့် အဆုံးသတ်သွားခြင်း မဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများကို ယိုယွင်းစေပြီး အရည်အချင်းနှင့် ကြိုးစား အားထုတ်မှုအပေါ် အခြေခံသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အားနည်းစေကြောင်း၊ ထို့ပြင် လူငယ်များ အကြား “ကြိုးစားလျှင် အောင်မြင်မည်” ဆိုသည့် ယုံကြည်မှုကို လျော့နည်းစေပြီး အဖွဲ့အစည်း များ၏ ယုံကြည်ကိုးစားမှုကိုပါ ထိခိုက်စေကြောင်း၊ နိုင်ငံအဆင့်တွင်လည်း အဂတိလိုက်စားမှု သည် ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေနိုင်ပြီး စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းစေကြောင်း၊ အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးအပ်နိုင်မှုကို အဟန့်အတား ဖြစ်စေကာ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု များတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် စည်းမျဉ်းစည်းကမ်းများကို အခြေခံသော စီမံ အုပ်ချုပ်မှုစနစ်များ ခိုင်မာရန် အထူးအရေးကြီးကြောင်း၊ အဂတိကင်းရှင်းသော လုပ်ငန်းခွင်ကို ဖန်တီးခြင်းသည် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏ စက်မှုနှင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တိုက်ရိုက်အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယနေ့ ကျင်းပသည့် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသည် ဥပဒေဆိုင်ရာ အသိပညာ တိုးပွားစေရေးအတွက်သာမက ဝန်ထမ်းတိုင်း၏ စိတ်နေသဘောထား၊ ကျင့်ဝတ်၊ တာဝန်သိစိတ် နှင့် ဝန်ဆောင်မှုစိတ်ဓာတ်ကို ပိုမိုခိုင်မာစေမည့် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် "အဂတိလိုက်စားမှု ကင်းရှင်းသောအဖွဲ့အစည်း" ကို တည်ဆောက်ခြင်းသည် ဥပဒေအရ တာဝန်တစ်ရပ်သာမက မိမိတို့၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုကို ဖော်ဆောင်ခြင်းဖြစ်သည်ကို အမြဲခံယူထားကြ ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်မှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ ပြည်သူများအပေါ် တာဝန်ခံခြင်း၊ ဆုံးဖြတ်ချက်များတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်းနှင့် ပြည်သူ့အကျိုးစီးပွား ကို ရှေ့တန်းတင်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းအခြေခံမူများကို ခိုင်မာစွာကျင့်သုံးနိုင်သည့် အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေ လျော့နည်းလာမည်ဖြစ်ပြီး ပြည်သူများ၏ ယုံကြည်မှုလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ တန်ဖိုးကို  ရာထူးဖြင့် မတိုင်းတာဘဲ  ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှုနှင့် ပြည်သူအပေါ်ထားရှိသည့် ဝန်ဆောင်မှု စိတ်ဓာတ်တို့ဖြင့် တိုင်းတာကြကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးမချဘဲ ပြည်သူ့အကျိုးစီးပွားအတွက်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ MSME များသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားစုတစ်ခု ဖြစ်ပြီး MSME များ အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် မျှတ၍ ပွင့်လင်းမြင်သာသော စီးပွားရေးဝန်းကျင်တစ်ခု လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များသည် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး အခွင့်အရေးတူညီစွာ ယှဉ်ပြိုင်နိုင်သည့် စနစ်တစ်ခုကို ဖော်ဆောင်ပေးရန်မှာ ဌာနဆိုင်ရာများ၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် "ပြည်သူဗဟိုပြု ဝန်ဆောင်မှု" ကို အဓိက ခံယူချက်အဖြစ်ထားရှိပြီး ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်၊ ပိုမိုလွယ်ကူ၊ ပိုမိုပွင့်လင်းမြင်သာပြီး တန်းတူညီမျှစွာ ရရှိနိုင်ရေးကို ဆက်လက် အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်း ဆောင်တာများတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အတိအကျလိုက်နာခြင်း၊ အကျိုးစီးပွား ပဋိပက္ခ (Conflict of Interest) ဖြစ်နိုင်သည့် အခြေအနေများကို ရှောင်ရှားခြင်း၊ လက်ဆောင်၊ အကျိုးခံစားခွင့် သို့မဟုတ် မသင့်လျော်သော အကျိုးအမြတ်များကို လက်မခံခြင်း၊ ဝန်ဆောင်မှု ခံယူသူအားလုံးကို တန်းတူညီမျှ ဆက်ဆံခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မှတ်တမ်းမှတ်ရာများ ပြည့်စုံစွာထားရှိခြင်း၊ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ရပ်များကို တွေ့ရှိပါက သက်ဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် တင်ပြအသိပေးခြင်းတို့ကို ကျင့်သုံးကြရန် အထူး တိုက်တွန်းလိုကြောင်း၊ "ကာကွယ်ခြင်းသည် ကုသခြင်း ထက်ကောင်းမွန်သည်" ဆိုသည့် ဆိုရိုးစကားနှင့်အညီ အဂတိလိုက်စားမှုများ ဖြစ်ပွားပြီးမှ အရေးယူဆောင်ရွက်ခြင်းထက် မဖြစ်ပွားမီ ကြိုတင်တားဆီးကာကွယ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နည်းပညာအသုံးချမှုကို တိုးမြှင့်ဆောင်ရွက်ပြီး ဝန်ဆောင်မှုများကို ပိုမို မြန်ဆန်၊ ပိုမိုထိရောက်၊ ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတိုင်းသည် မိမိကိုယ်တိုင်မှစတင်၍ အဂတိလိုက်စားမှုကို လုံးဝငြင်းပယ်သည့် စိတ်ဓာတ်၊ ဥပဒေကို လေးစားလိုက်နာသည့် စိတ်ဓာတ်နှင့် ပြည်သူ့ အကျိုးစီးပွားကို ဦးစားပေးသည့် ဝန်ဆောင်မှုစိတ်ဓာတ်တို့ကို လက်တွေ့ကျင့်သုံးကြရန် အထူး တိုက်တွန်းလိုကြောင်း၊ ယနေ့အခမ်းအနားမှ ရရှိသည့် အသိပညာ၊ အတွေ့အကြုံနှင့် ဆွေးနွေးချက်များကို မိမိတို့၏ လုပ်ငန်းခွင်များတွင် လက်တွေ့ အသုံးချပြီး မိမိအဖွဲ့အစည်းအတွင်း ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းသော ဝန်ကြီးဌာန၊ ပြည်သူယုံကြည် အားထားရသော အစိုးရအဖွဲ့အစည်းနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ်တည်ဆောက်ရေး တွင် အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း၊ "အဂတိ ကင်းရှင်းမှုသည် ဥပဒေလိုက်နာမှု၏ ရလဒ်သာမက ဖြောင့်မတ်တည်ကြည်သော စိတ်ဓာတ်၏ ပြယုဂ်ဖြစ်သည်" ဟူသော ခံယူချက်ဖြင့် မိမိတို့ အားလုံးက ကိုယ်တိုင်စံနမူနာ ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အဂတိ လိုက်စားမှုသည် ဝန်ထမ်းနယ်ပယ်သာမက လုပ်ပိုင်ခွင့်ရှိသည့်၊ အခွင့်အလမ်းရှိသည့် မည်သည့် နေရာတွင်မဆို ဖြစ်နိုင်ခြေရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် ရာထူး၊ လုပ်ပိုင်ခွင့်အရ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုး စီးပွားအတွက် အသုံးချခြင်းဖြစ်ပါကြောင်း၊ အကျိုးစီးပွားတွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ် ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကဏ္ဍ အသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး မှတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် ခေါင်းဆောင်၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်သော်နိုင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတက်ရောက်လာသူတစ်ဦးမှ သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့်မေးခွန်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် က

CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ