အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ကျင်းပ
- Fri, 17 July 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇူလိုင် ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များအပါအဝင် In Person တက်ရောက်သူ (၃၀၀) ဦး၊ Online စနစ်ဖြင့်တက်ရောက်သူ (၂၈၀၀) ဦး၊ စုစုပေါင်း (၃၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုသည် ကြီးမားစွာအဟန့်အတားဖြစ်စေသည့် ရောဂါဆိုးတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင်ဖြစ်ပြီး အကျိုးအမြတ်တွက်ချက်ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲ ချမ်းသာကွာဟမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းကြောင့် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်း ပျက်စီးလာစေမှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများတွင် Professional ပီသစွာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပြီး ကျင့်ဝတ် (Ethic) ကို တိကျစွာ လိုက်နာကြရန်လိုပါကြောင်း၊ ကျင့်ဝတ် (Ethic) ကို တိကျစွာလိုက်နာခြင်းအားဖြင့် အဂတိလိုက်စားမှုပပျောက်သွားမှာဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သည် နိုင်ငံတော်အတွက် ဘဏ္ဍာငွေအမြောက်အများ ရှာဖွေပေးနေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သလို တစ်ဖက်ကလည်း အများပြည်သူကို ဝန်ဆောင်မှုပေးနေရသည့်ဝန်ကြီးဌာနလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အဓိကကျသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများကို တာဝန်ယူဆောင်ရွက်နေကြရသလို ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအဆင်ပြေချောမွေ့စေရေး အခြေခံကျတဲ့ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေရသည့်ဌာနကြီးလည်း ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုတို့နှင့်ထိတွေ့ဆက်ဆံနေရသည့် အဆင့်ဆင့်သောတာဝန်ယူဆောင်ရွက်နေကြသူဝန်ထမ်းများအနေဖြင့် အလိုလောဘကင်းရှင်းစွာ၊ မောဟ၊ ဒေါသကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြဖို့အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ အဂတိတရား (၄) ပါးကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ကြမှာဖြစ်ပြီး အောင်မြင်သော၊ အများပြည်သူက ယုံကြည်အားကိုးသော အဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်များကို ဖူလုံပြည့်ဝစွာ အသုံးပြုနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်သည့်အတွက် အများပြည်သူ၏ အကြံပြုချက်၊ သတင်းပေးပို့တိုင်ကြားချက်များကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့်ဝန်ထမ်းများအပြင် သက်ဆိုင်ရာ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့်လည်း ရာထူးတာဝန်အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်အပေါ်တည်မီ၍ လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများ ကင်းရှင်းပြီး “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူအကျိုးကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ကြပါစေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များမှ ဆွေးနွေးပြောကြားချက်များကို အထူးအလေးထား လိုက်နာကျင့်သုံးပြီး မိမိပတ်ဝန်းကျင်ရှိ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထပ်ဆင့်ဖြန့်ဝေဆွေးနွေး ဆောင်ရွက်ကြခြင်းဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုး ဖြစ်ပွားနိုင်ပြီး ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိ ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိပြီး တာဝန်ယူ၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် အထူးလိုအပ် ပါကြောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အကောင် အထည်ဖော် တည်ဆောက်နိုင်မှသာ နိုင်ငံတော်အနေဖြင့်လည်း ဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်း ထက်ကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိ လိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေး အရေးယူ ခြင်းထက် မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ်ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် ခေါင်းဆောင်၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏
ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် က
CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


/001-80x80.jpg)

/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
