အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပ
- Thu, 9 July 2026
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် က အဖွင့်အမှာစကားပြောကြားခြင်း
ပုသိမ်၊ ဇူလိုင် ၉။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းအင်အား ( ၁၄၄ ) ဦး တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် က အဖွင့်အမှာစကားပြောကြားရာ၌ “အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီး၌ ပုံစံအမျိုးမျိုးနှင့်ဖြစ်ပွားနိုင်ပြီး လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကိုအလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကိုကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုးနီးစပ်ရာကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှုပုံစံများပဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ခံယူကျင့်သုံးရမည့် ကျင့်ဝတ်နှင့် လမ်းညွှန်မှုများကို သိရှိနိုင်စေမည်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှုသဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကိုလည်း သိရှိ နားလည်ပြီး အဂတိတရားများကို ရှောင်ကြဉ်နိုင်စေမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့် အပြင်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့်ပေါင်းကူးတံတားသဖွယ် ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကိုမေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် ခေါင်းဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
/2.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/3.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/4.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/5.jpg)
ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း
/6.jpg)
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


/1-80x80.jpg)
/1-80x80.jpg)


/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)
