အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ

  • Thu, 2 July 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ


အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားခြင်း


မြစ်ကြီးနား၊ ဇူလိုင် ၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ အပါအဝင် (၂၉၄) ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခုဖြစ်သည့်အပြင် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် "သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်" ကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ယခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို အစိုးရဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာဖြင့် လိုက်လံကျင်းပပေးနေသည်ကို များစွာကြိုဆိုအားပေးပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ရာတွင် တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံက ကြိုးစားအကောင်အထည်ဖော်နေခြင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌  အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်  ကမ္ဘာလုံးဆိုင်ရာသဘောတူညီသည့်ဖွင့်ဆိုချက်ဟူ၍မရှိဘဲ နိုင်ငံအလိုက်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း သတ်မှတ်ချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင်ဖြစ်ပြီး “လာဘ်ပေးလာဘ်ယူမှု” အပြင် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် အသိပညာပေးကဏ္ဍနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူရပါက စွပ်စွဲခံရသည့်ပုဂ္ဂိုလ်၊ ဌာနနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့်အပြင် နိုင်ငံတော်မှ လေ့ကျင့်ပျိုးထောင်ထားသည့် အတွေ့အကြုံရှိသူများ ပြုန်းတီးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရဌာနများဖြစ်သည့် အများပြည်သူဆိုင်ရာကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အများပြည်သူဝန်ဆောင်မှုပေးရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် ခေါင်းဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit–CPU)များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ 



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ