ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်သည့်သတင်း
- Mon, 22 June 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော် ၊ ဇွန်လ( ၂၂ )ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနကြီးမှူးများ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း ၊အမှုထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်သလို တစ်ဦးတစ်ယောက်ခြင်း၏ ကိုယ်ကျင့်တရားများကိုပါ ပျက်ပြားစေနိုင်ပါကြောင်း သို့ပါ၍ ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပြစ်မှု ပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို မလွဲမသွေလိုက်နာ ရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ မိမိဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြီး ယနေ့အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ယိုယွင်းပျက်စီးစေနိုင်သည့်အပြင် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူလူထု၏ ယုံကြည်အားကိုးမှု လျော့ကျခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိလိုက်နာ၍ ရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU ) ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေးအတွက် ယနေ့ အသိပေးပညာဆွေးနွေးချက်များကို မိမိအဖွဲ့အစည်းများနှင့် ကုမ္ပဏီအဖွဲ့အစည်းများကိုလည်း ပြန်လည်မျှဝေပေးခြင်းဖြင့် အဂတိကင်းရှင်းသော လူမှုပတ်ဝန်းကျင်ကို ပုံဖေါ်တည်ဆောက်ပေးကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ နိုင်ငံတစ်ဝန်းတွင်ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် ပြည်သူတို့၏ လူနေမှုဘဝများ သာယာဝပြောလာစေမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ အုပ်ချုပ်ရေးကဏ္ဍ၌ ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မား တိုးတက်လာစေရန် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာနိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အစိုးရကချမှတ်ထားသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးရခြင်း ဖြစ်သည့်အတွက် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြန်လည်ဖြေကြားကြပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ ခေါင်းဆောင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း

ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း










