အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မော်လမြိုင်မြို့၊ မွန်ပြည်နယ် ခန်းမ၌ကျင်းပ

  • Fri, 29 May 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မော်လမြိုင်မြို့၊ မွန်ပြည်နယ် ခန်းမ၌ကျင်းပ


နေပြည်တော် ၊ မေ  ၂၉  ရက်


          မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၃:၀၀ နာရီချိန်တွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

          ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ယခုလို အသိပညာပေးဟောပြောပွဲတွေ လက်ခံကျင်းပခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေနဲ့ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော် နစ်နာပျက်စီးဆုံးရှုံးစေတဲ့ ကိစ္စရပ်များနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်များ အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့အတွက် အဂတိကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရန် အထူးလိုအပ်ပြီး အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာစေရန် အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို စိတ်ပါဝင်စားစွာဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတတွေကို မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေသာမက ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်လာနိုင်မည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်ရန်မှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ယခု  အသိပညာပေး ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို ထပ်ဆင့်ဖြန့်ဝေပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

          အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ စုစုပေါင်း (၆၆၃) ဦး တက်ရောက်ခဲ့ကြပါသည်။

          ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ

***********************************************************************************

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ