ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတက်ရောက်

  • Tue, 5 May 2026

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတက်ရောက်


အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အဖွင့်အမှာစကား ပြောကြားခြင်း


တောင်ကြီး၊ မေလ ၅ ရက်

            ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မေလ (၅)ရက်၊ မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

            အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို လက်ခံကျင်းပခြင်းအားဖြင့်  ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှုမြောက်နိုင်တဲ့ ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များကို သိရှိနားလည်နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာ ဖြစ်သည့်အပြင် အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားပြုနိုင်တဲ့ ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” ၊ နောက်တစ်နည်းဆိုရရင် အကျိုးအမြတ် တွက်ချက်ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ခြင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တတွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ ယှဉ်ပြိုင်လိုစိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှု များခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်း တို့အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုတွေကို ယိုယွင်းပျက်စီးစေနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ကြုံတွေ့လာရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားလျက်ရှိနေပြီး လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနဲ့ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုးနဲ့ နီးစပ်ရာ ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှု ပုံစံများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာ ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုတာ အစိုးရရဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါသူများဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ/တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုနဲ့ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ ပုံရိပ် ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ကြရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမှာ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရာမှာ အသိပညာပေးရေး လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ သာမက အခြေခံပညာကျောင်းများမှာလည်း ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ကဏ္ဍစုံ၊ ထောင့်စုံမှ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နေတာကို တွေ့မြင်ကြမှာ ဖြစ်ပါကြောင်း၊ ယခုလို တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာနဲ့ လိုက်လံကျင်းပ ပေးနေတာကိုလည်း ကြိုဆိုအားပေးပါကြောင်း၊ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ရာမှာ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေတာကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံတဲ့ လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်တဲ့ အသိအမြင်များ တိုးပွားလာမှာဖြစ်တဲ့အပြင် အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာတွေမှာ မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲလာနိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝတွေလည်း တိုးမြင့်လာမှာလည်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့ကလည်း ယခုအခမ်းအနားကနေ ရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ မိမိကိုယ်တိုင်ပါဝင်ကြရန်နှင့် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းပြောကြားသည်။

            ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာ ပိုမိုကျယ်ဝန်းပါကြောင်း၊ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများ သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီး လာဘ်ငွေ အနည်းငယ်ပေးခြင်း၊ ယူခြင်းအပါအဝင် နိုင်ငံတော် ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းနှင့် တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်း တို့သာမက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်း၊ ဆရာမွေးခြင်း၊ တပည့်မွေးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အပေါင်းအဖော်ကောင်းစားရေးအတွက် ဘက်လိုက်ခြင်း၊ ဆွေးမျိုးသားခြင်း ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းအထိ ပါဝင်ပါကြောင်း၊ ပုဂ္ဂလိက အကျိုးစီးပွားအတွက် အများပြည်သူအကျိုးစီးပွားကို မထိခိုက်စေရန် ပြုမူခြင်းသည် လူတိုင်းမှာ ထားရှိအပ်သည့် အခြေခံ ကိုယ်ကျင့်တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် ကော်မရှင်တစ်ခုတည်း သို့မဟုတ် အစိုးရဌာနများကသာ လုပ်ဆောင်ရသည့် အလုပ်မျိုးမဟုတ်ဘဲ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစုအဖွဲ့အလိုက်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

            ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က ပြန်လည်ဖြေကြားခြင်း



အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း

ဆက်စပ် သတင်းများ