မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Tue, 3 February 2026

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၃


မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ အပါအဝင် (၆၃၀) ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော် နစ်နာပျက်စီးဆုံးရှုံးစေသည့်ကိစ္စရပ်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှာ တာဝန်ယူဆောင်ရွက်ခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သကဲ့သို့ ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုမှာလည်း အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန်အတွက် နိုင်ငံသားအားလုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာတွင် အဂတိလိုက်စားမှုသည် အများပြည်သူအကျိုးစီးပွား ရှေ့ရှုဆောင်ရွက်ရန် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချလိုက်ခြင်းဖြစ်ကြောင်း၊ အကျိုးစီးပွားတွက်ချက်၍ ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ဆက်စပ်နေခြင်း ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် မှတ်ယူ၍ နိုင်ငံတိုင်းက အလေးထားဖြေရှင်းနေကြရကြောင်း၊ အဂတိလိုက်စားမှုကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ပျက်စီးယိုယွင်းစေသည့်အပြင် စီးပွားရေးကဏ္ဍတွင်လည်း မျှတသည့်ယှဉ်ပြိုင်မှုကို ပျက်စီးစေသည့်အတွက် နိုင်ငံအတွင်း နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို နှောင့်နှေးစေပြီး အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများ နည်းပါးကာ ဆင်းရဲမှုသံသရာကို ဖြစ်စေနိုင်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လက်အောက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ထပ်ဆင့်မျှဝေပေးရန်နှင့် လူငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ သင်ကြားပြသပေးရန် ပန်ကြားလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှုတိုက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ၁၃:၀၀ အချိန်တွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။



မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့  ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ